Home
မြန်မာသတင်း
မဲရုံအားလုံးနီးပါး ကိုဗစ်-၁၉ ကာကွယ်ရေးအစီအမံများ ပြည့်စုံဟု PACE အဖွဲ့ပြော
ပိုင်စိုး
·
November 8, 2020
မဲရုံအားလုံးနီးပါးမှာ ကိုဗစ်-၁၉ ကူးစက်တာကို ကာကွယ်ဖို့ အစီအမံတွေ ပြည့်ပြည့်စုံစုံ ရှိတယ်လို့ ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) က ပြောပါတယ်။ ရွေးကောက်ပွဲကို တနိုင်ငံလုံးမှာ စောင့်ကြည့်လေ့လာနေတဲ့ PACE က ဒီနေ့အခြေအနေကို ကနဦး ထုတ်ပြန်လိုက်တာဖြစ်ပြီး မဲပေးခွင့်ရှိသူတွေရဲ့ ၁၅ ရာခိုင်နှုန်းလောက်ဟာ ကြိုတင်မဲ ပေးပြီးတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ မဲရုံ ၉၈ ရာခိုင်နှုန်းမှာ လက်သန့်ဆေးရည်တွေ၊ ၉၃ ရာခိုင်နှုန်းမှာ နှာခေါင်းစည်းတွေ၊ ၈၇ ရာခိုင်နှုန်းမှာ ကိုယ်အပူချိန်တိုင်းတာ၊ ၈၄ ရာခိုင်နှုန်းမှာ လူချင်းခပ်ခွာခွာနေဖို့ အမှတ်အသားတွေနဲ့ ၂၃ ရာခိုင်နှုန်းကတော့ လက်အိတ်တွေပါ ဝေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ တကယ်တော့ အစိုးရရဲ့ အစီအစဉ်နဲ့ မဲပေးသူအားလုံးကို ပေးဝေဖို့ နှာခေါင်းစည်းတွေကို တရုတ်နိုင်ငံက မှာယူထားခဲ့တာကြောင့် မဲရုံတိုင်းမှာ ဘာကြောင့် မဝေလဲနိုင်လဲ ဆိုတာကတော့ မသိရသေးပါဘူး။ ထူးခြားတာကတော့ မဲရုံတွေရဲ့ ၇ ရာခိုင်နှုန်းမှာ ကိုယ်အပူချိန်မြင့်နေတဲ့သူတွေ ဆန္ဒမဲပေးနိုင်ဖို့ သီးခြားနေရာတွေ စီစဉ်ပေးထားတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ပြီးတော့ မဲရုံတွေရဲ့ သုံးပုံတပုံအောက် ၂၇ ရာခိုင်နှုန်းကပဲ ဘီးတပ်ကုလားထိုင်နဲ့ လာဖို့ လွယ်ကူတာကိုတွေ့ရပြီး ၁၃ ရာခိုင်နှုန်းလောက်ကပဲ ဘီးတပ်ကုလားထိုင်နဲ့လာသူတွေ မဲပေးဖို့ လွယ်အောင် ဆန္ဒပြုခန်းတွေ လုပ်ထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။ မဲရုံအများစုဟာ ပုံမှန် ဖွင့်ရမယ့်အချိန်မှာဖွင့်ကြပြီး ပစ္စည်းပစ္စယ စုံလင်တာကို တွေ့ရသလို ၇ ရာခိုင်နှုန်းမှာတော့ မဲပေးတာမစခင်မှာ ကြိုတင်မဲပုံးတွေ ရောက်မလာခဲ့ဘူးလို့ ဆိုပါတယ်။ PACE အဖွဲ့ဟာ တနိုင်ငံလုံးမှာ စောင့်ကြည့်သူ ၁၈၈၈ ယောက်နဲ့ တိုင်းနဲ့ပြည်နယ် ၁၄ က ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာနေတာ ဖြစ်ပါတယ်။ Photo : People's Alliance for Credible Elections - PACE
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024