Home
ဆောင်းပါး
Any Questions? ရန်ကုန်တိုင်းအစီအစဉ်(အပိုင်း၄နောက်ဆုံးပိုင်း)
DVB
·
November 6, 2020
၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေကို ပထမအကြိမ် မဲပေးကြမယ့် လူငယ်တွေက သူတို့သိလိုသမျှတွေကို မေးမြန်းပြီး တာဝန်ရှိတဲ့သူတွေက ပြန်လည်ဖြေကြားပေးမယ့် Any Questions?  အစီအစဉ်ကို DVB TV ကနေ တင်ဆက်ပေးနေရာမှာ  ဒီတပတ်အတွက် ရွေးချယ်ထားတာကတော့  ရန်ကုန်တိုင်းအစီအစဉ် နောက်ဆုံးပိုင်း ဖြစ်ပါတယ်။ ကျမတို့ ဒီနေ့အစီအစဉ်အတွက် အခု အွန်လိုင်းပေါ်က မေးခွန်းမေးမယ့် မောင်လေးတွေကို ပြန်ပြီးတော့ဖိတ်ခေါ်မှာ ဖြစ်ပါတယ်။ ပထမဆုံးကတော့ မောင်လေးမောင်ကျော်မင်းဦး။ မောင်လေး မောင်ကျော်မင်းဦး ရှိလားမသိဘူးနော်။ ဟုတ်ကဲ့၊ မေးလို့ရပါပြီ။ မေး။     ။ ဟုတ်ကဲ့။ ရှေ့မှာလည်း အားလုံးက တော်တော်များများ မေးပြီးသွားပြီပေါ့နော်။ ကျနော် မေးချင်တာက၊ ကျနော်တို့ ဒီနေ့လုပ်တဲ့ အစီအစဉ်က ပထမဆုံးအကြိမ်မဲပေးရမယ့် လူငယ်တွေနဲ့ ပတ်သက်ပြီးတော့လုပ်တဲ့ အစီအစဉ်လည်း ဖြစ်တော့ ကျနော်မေးချင်တာက လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာပေါ့နော်၊ ပထမဦးဆုံးအကြိမ် မဲထည့်မယ့် လူငယ်တွေအနေနဲ့ တနိုင်ငံလုံး အတိုင်းအတာဆိုရင် ငါးသန်းလောက် ရှိတယ်ဆိုတာကို ကျနော်တို့ သိထားရတယ်ပေါ့။ ရန်ကုန်မှာလည်းပဲ၊ ရန်ကုန်တိုင်းမှာဆိုလည်း တော်တော်များတယ်ပေါ့နော်။ ဆိုတော့ ကျနော်အဓိက မေးချင်တာက မေးခွန်းဆိုတာထက် NLD ပါတီကို ကျနော်မေးချင်တာပေါ့နော်။ လက်ရှိမှာလည်း အစိုးရဖွဲ့ထားတဲ့ ပါတီလည်း ဖြစ်တယ်ဆိုတော့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ လူငယ်တွေအနေနဲ့ နိုင်ငံရေးဖြစ်စဉ်တွေ၊ နောက်ပြီးတော့ ရွေးကောက်ပွဲဖြစ်စဉ်တွေမှာ ပါဝင်လာမှုရာခိုင်နှုန်း များဖို့ရှိနိုင်လား၊ ဒါမှမဟုတ် လက်ရှိကလည်း ကိုဗစ်ကာလလည်း ဖြစ်တဲ့အတွက် ရွေးကောက်ပွဲဖြစ်စဉ်၊ နိုင်ငံရေးဖြစ်စဉ်တွေကို ပထမအကြိမ် မဲပေးမယ့်လူငယ်တွေအနေနဲ့ လျစ်လျှူရှုထားတာမျိုးတွေ ဖြစ်နိုင်မလားဆိုတာကို ဆရာ့ရဲ့ အမြင်လေးကို ကျနော် မေးချင်ပါတယ်ခင်ဗျ။ ဟုတ်ကဲ့ပါ။ ဆရာစိုးဝင်းဦး ဖြေပေးပါဦးရှင့်။ ဖြေ။     ။ ဟုတ်ကဲ့ပါ။ သားမေးခွန်းလေးကို ဆရာ ကျေနပ်နှစ်သက်မိပါတယ်။ လူငယ်တွေရဲ့ ပါဝင်မှုပေါ့နော်။ ပထမအကြိမ်မဲပေးမယ့် လူငယ်တွေရဲ့ ပါဝင်မှုက ပိုတိုးပြီးတော့ များလာမယ်လို့ပဲ ဆရာတို့ဘက်က ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုရင် အစိုးရအနေနဲ့ကလည်း NLD အစိုးရ ဖြစ်လာတဲ့ အချိန်မှာ ပြည်ထောင်စု တစ်ခုလုံးနဲ့ပတ်သက်တဲ့ လူငယ့်ရေးရာ မူဝါဒတွေ အားလုံးကို ချမှတ်ပြီးတော့ ဗမာပြည်ရဲ့သမိုင်းမှာ ပထမဆုံးအကြိမ် လူငယ့်ရေးရာမူဝါဒတွေကို တရားဝင်ထုတ်ပြန်ပြီးတော့ ကြေညာပြီးတော့ လူငယ့်ရေးရာနဲ့ ပတ်သက်ပြီးတော့ လူငယ်လုပ်ငန်းကော်မတီတွေ၊ အဖွဲ့တွေ အားလုံးကိုလည်း သက်ဆိုင်ရာ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးအထိ ဖွဲ့ပြီးတော့ ဆောင်ရွက်နေနိုင်တာ ရှိနေပြီ ဖြစ်ပါတယ်။ အခုလို ကိုဗစ်ကာလမှာလည်း များသောအားဖြင့် ကွာရန်တင်းစင်တာတွေ၊ နောက်ပြီးတော့ ဥပမာအားဖြင့် We Love Yangon လို အဖွဲ့အစည်းတွေပေါ့၊ ဆရာတို့ ရန်ကုန်တိုင်းမှာဆိုရင်၊ အမြောက်အများလာပြီးတော့ စေတနာ့ဝန်ထမ်းဆောင်ရွက်နေတဲ့ သူတွေအားလုံးဟာ လူငယ်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ လူငယ်တွေရဲ့ ပါဝင်မှုက ကိုဗစ်ကာလလို အလွန်အင်မတန် အန္တရာယ်များပြီးတော့ စွန့်စားမှု အလွန်အင်မတန်ကြီးတဲ့ အချိန်မှာတောင်မှ အလွန်အင်မတန် အားရကျေနပ်ဖွယ်ရာ ရှိတဲ့အနေအထားဖြစ်တဲ့အတွက် မဲပေးတဲ့အစီအစဉ်မှာလည်း အများကြီး ပါဝင်လာမယ့် အနေအထား ရှိနေတယ်လို့ ဆရာယုံကြည်ပါတယ်။ နောက်တစ်ခုကတော့ အွန်လိုင်းမီဒီယာကို ပိုပြီးတော့ သုံးစွဲနိုင်တဲ့ အနေအထားကို ရောက်လာပါပြီ။ ၂၀၁၅ ရွေးကောက်ပွဲထက် ၂၀ ရွေးကောက်ပွဲကြားမှာ အွန်လိုင်းအသုံးပြုမှုပေါ့နော်၊ ဆိုရှယ်မီဒီယာတွေ အသုံးပြုမှုအားက အလွန်အင်မတန်ကောင်းလာတယ်။ အဲဒီ ဆိုရှယ်မီဒီယာ အသုံးပြုမှုကလည်း အသိပ်အသည်းသုံးနေတာ ရန်ကုန်တိုင်းဒေသကြီး ဖြစ်တဲ့အတွက် လူငယ်တွေရဲ့ ပါဝင်မှု အခန်းကဏ္ဍက အဖက်ဖက်က အခြေအနေပေးနေတဲ့အခါ ဒီထက်အများကြီး မြင့်တက်လာမယ်လို့ ကျနော်တို့လည်း ယုံကြည်မျှော်လင့်ထားတဲ့အကြောင်း ဆရာ ဖြေကြားချင်ပါတယ်။ နောက်တစ်ယောက်ကတော့ မောင်လေး မောင်ဇော်မျိုးထွန်း။ မောင်လေး မောင်ဇော်မျိုးထွန်း ရှိလား။ ဟုတ်ကဲ့ မောင်လေး မေးလို့ရပါပြီ။ မေး။     ။ ကျနော်က ပြည်သူ့ရှေ့ဆောင်ပါတီက ဒေါ်သက်သက်ခိုင်ကို မေးချင်ပါတယ်ခင်ဗျ။ အခု ရွေးကောက်ပွဲ ကော်မရှင်ကနေပြီးတော့မှ ကချင်ရယ်၊ ကရင်ရယ်၊ ရခိုင်ရယ်၊ ရှမ်းရယ်ပေါ့၊ ဒီနယ်တွေကို မဲကျင်းပလို့ မရတဲ့နေရာတွေအဖြစ် သတ်မှတ်လိုက်တယ်ပေါ့။ အဲဒီလို သတ်မှတ်လိုက်တဲ့ အပေါ်မှာ တရားမျှတမှု ရှိတယ်လို့ ထင်လားပေါ့။ နောက်ထပ်တစ်ခုက ပြည်သူ့ရှေ့ဆောင်ပါတီက စစ်တပ်နဲ့ ရင်ကြားစေ့ရေးအတွက် ပြောထားတာတွေရှိတယ်ပေါ့နော်။ ဆိုတော့ တခြားလက်နက်ကိုင် အဖွဲ့တွေနဲ့ ရင်ကြားစေ့ရေး မူဝါဒတွေက ဘာတွေဖြစ်မလဲ သိချင်ပါတယ်ခင်ဗျ။ ဖြေ။     ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ရှင့်။ ပထမဦးဆုံးကတော့ ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်တာပေါ့နော်။ တချို့မြို့နယ်အလိုက်၊ တချို့တော့ မြို့နယ်မဟုတ်ဘဲနဲ့ ရပ်ကျေးအုပ်စုတွေ၊ ကျေးရွာတွေပေါ့နော်။ အဲဒါတွေကိုတော့ တည့်တည့်ပဲပြောရမယ် ဆိုရင်တော့ တရားမျှတမှု ရှိတယ်လို့ မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် အကြောင်းပြချက် မခိုင်လုံဘူးပေါ့နော်။ ရွေးကောက်ပွဲကို ဖျက်သိမ်းကြောင်း ကြေညာတာပေါ့နော်၊ ရွေးကောက်ပွဲကို မပြုလုပ်နိုင်ကြောင်း ကြေညာတာပေါ့နော်။ ကြေညာတာ အကြောင်းပြချက်ကို ကျမ သိပ်မတွေ့ရဘူးပေါ့။ ဥပမာ ထားပါတော့၊ အကြောင်းပြချက်ဆို နှစ်မျိုးဖြစ်နိုင်တယ်ပေါ့။ လုံခြုံရေးကြောင့်လား၊ ဒါမှမဟုတ်လို့ရှိရင် COVID-19 ကူးစက်မှု များနေလို့လားပေါ့နော်။ လုံခြုံရေးကြောင့်လို့ ပြောလို့ရှိရင် ဥပမာ - ချင်းပြည်နယ်၊ ပလက်ဝလိုမျိုးမှာ လုံခြုံရေးမကောင်းပေမယ့် ဖျက်သိမ်းတဲ့အထဲမှာ မပါဘူးပေါ့နော်။ ရွေးကောက်ပွဲက ဆက်လုပ်မှာပဲ။ ပြီးလို့ရှိရင် ရခိုင်ပြည်နယ်မှာရှိတဲ့ ပေါက်တောတို့၊ ကချင်ပြည်နယ် မိုးမောက်ပေါ့၊ ရှမ်းပြည်နယ် မိုင်းကိုင်ပေါ့။ ဒီလိုမျိုးတွေမှာကျတော့ လုံခြုံရေးကောင်းနေလျှက်နဲ့လည်း ဖျက်သိမ်းတာကို တွေ့ရတယ်ပေါ့နော်။ လုံခြုံရေး မကောင်းပေမယ့် ပါနေတယ်၊ လုံခြုံရေးကောင်းပေမယ့် ဖျက်သိမ်းတာကို တွေ့ရတယ်ပေါ့နော်။ အဲဒါလေးတွေကို တွေ့ရတယ်။ နောက်တစ်ခုကကျတော့ ရပ်ကွက်နဲ့ ကျေးရွာအချို့မှာ မကျင်းပနိုင်တဲ့ကိစ္စတွေပေါ့နော်။ အဲဒါတွေ ဆိုလို့ရှိရင် ရခိုင်ပြည်နယ် တောင်ကုတ်မှာ ကျေးရွာအုပ်စု ၅၂ အုပ်စုဆိုတော့ ဒီ ANP ပါတီကနေပြီး ကျေးလက်လူထု ကြားမှာ အောင်မြင်နေတယ်ပေါ့နော်။ ဒါမျိုးတွေဖြစ်နေတယ်။ အဓိကကတော့ အာဏာရပါတီ အသာစီးရဖို့အတွက် ဆုံးဖြတ်ချက်လို့ပဲ ကျမ ယူဆတယ်ရှင့်။ နောက် ကရင်ပြည်နယ်မှာဆိုလို့ရှိရင်လည်း ကြာအင်းဆိပ်ကြီးမြို့နယ်မှာဆိုလို့ရှိရင် ကရင်အမျိုးသားဒီမိုကရေစီ ပါတီပေါ့နော်။ KNDP က အားကောင်းတယ်။ ပြီးရင် သံတောင်ကြီးဆိုလို့ရှိရင် ကရင်ပြည်သူ့ပါတီက အားကောင်းတယ်။ အဲဒီလို တခြား တိုင်းရင်းသားပါတီတွေ အားကောင်းတဲ့နေရာတွေမှာ ရွေးကောက်ပွဲ မကျင်းပဘူးဆိုတော့ NLD သိပ်ပြီးတော့မှ နိုင်နိုင်ခြေမရှိတဲ့နေရာတွေ ဖျက်သိမ်းတယ်ဆိုတဲ့ သဘောမျိုး သက်ရောက်နေပါတယ်။ အဲဒီလိုမျိုး သဘောမျိုး သက်ရောက်နေတယ်။ ပြီးလို့ရှိရင် ကျမတို့ ၂၀၁၅ ခုနှစ်တုန်းက ကျတော့ မြို့နယ် ၃၃၀ ရှိတဲ့အထဲမှာ ၇ နေရာက မကျင်းပနိုင်တာ။ အဲဒါကတော့ လုံခြုံရေးမရှိလို့၊ လုံခြုံရေး စိတ်မချရလို့ပေါ့။ နောက်အခုကျတော့၊ ဒီ ၂၀၂၀ မှာကျတော့ ၁၅ မြို့နယ် ဖြစ်သွားတယ်ပေါ့နော်။ ၁၅ မြို့နယ်ဖြစ်သွားတယ် ဆိုတော့ နှစ်ဆတောင် တက်သွားတယ်။ အဲဒါ လုံခြုံရေးကြောင့်လားဆိုတော့လည်း မဟုတ်ပြန်ဘူး။ ကိုဗစ် ကြောင့်လားဆိုရင် ရန်ကုန်တစ်တိုင်းလုံးလည်း ကိုကိုးကျွန်းကနေ လွဲပြီးတော့မှ Stay at home လုပ်ထားတာဆိုတော့ ကိုဗစ်ကြောင့်လည်း မဟုတ်ဘူး၊ လုံခြုံရေးကြောင့်လည်း မဟုတ်ဘူးဆိုတော့ ကျမတို့ကတော့ တိုက်ရိုက်ထုတ်ဖော်ပြီး ပြောကြားထားတာ မရှိပေမယ့်၊ အာဏာရပါတီကို အသာစီးရစေဖို့လို့အတွက် ဆုံးဖြတ်ချက်ဖြစ်တယ်၊ ဒါသည် မတရားဘူးလို့ ကျမ ပြောချင်ပါတယ်ရှင့်။ ကျမတို့မှာလေ၊ တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီးတော့မှ မူဝါဒရှိပါတယ်ရှင့်။ ကျမတို့က ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို သွားမယ်၊ နောက်ပြီး တိုင်းရင်းသားတစ်ခုချင်း၊ လူမျိုးစု တစ်ခုချင်းစီရဲ့ စာပေ ယဉ်ကျေးမှုတွေကို အားပေးမယ်၊ ပြီးလို့ရှိရင် ဖက်ဒရယ်ဆိုတဲ့ဟာက ပထမဦးဆုံး ခြေလှမ်းကတော့ ၂၆၁ ပေါ့နော်။ ပုဒ်မ ၂၆၁ ကို ပြင်ခြင်းအားဖြင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေကနေပြီးတော့မှ ရွေးကောက်တင်မြှောက်မယ်ပေါ့နော်။ ပြီးလို့ရှိရင် တိုင်းရင်းသားတွေရဲ့ ကိုယ်စားပြုမှု များလာအောင် ကျမတို့က ရွေးကောက်ပွဲစနစ်ကို အချိုးကျ ကိုယ်စားပြုခြင်းပေါ့နော် သွားမယ်ဆိုတာ။ တစ်ခါတလေကျလို့ရှိရင် အောက်ထပ်ကနေ အပေါ်ထပ်ကို တက်တယ်ဆိုရင် ခုန်တက်လို့ မရဘူးပေါ့နော်။ လှေခါးတစ်ထစ်ချင်းစီ တက်ရတာ။ ဆိုတဲ့အခါကျတော့ ကျမတို့က ဒီမိုကရေစီနဲ့ ဖက်ဒရယ် ပြည်ထောင်စုကို သွားမယ်ဆိုရင် ဒီမိုကရေစီကို ပိုသက်ဝင်ဖို့၊ ဖက်ဒရယ်ကို ပိုသက်ဝင်ဖို့ဆိုရင် ကျမတို့ ပထမခြေလှမ်းအနေနဲ့တော့ အဲဒါတွေ ကျမတို့ လုပ်ချင်တာ ဖြစ်ပါတယ်ရှင့်။ အဲဒီတော့ နောက်ထပ်တစ်ယောက်ကတော့ မောင်လေး မောင်မြင့်မြတ်သူပေါ့နော်။ မောင်လေး မောင်မြင့်မြတ်သူ။ ဟုတ်ကဲ့၊ မေးခွန်းလေး မေးလို့ရပါပြီနော်။ မေး။     ။ ဟုတ်ကဲ့ပါ။ ကျမက မြင့်မြတ်သူရဲ့ မေမေ ဒေါ်ခင်မာအေးပါ။ ကျမသားက ဉာဏ်ရည် မသန်စွမ်းဖြစ်တဲ့အတွက် ဉာဏ်ရည်မသန်စွမ်းသားရဲ့ ကိုယ်စား ကျမက မေးခွန်းမေးချင်ပါတယ်။ ကျမမေးမယ့်သူကတော့ NLD ကိုယ်စားလှယ်လောင်းကိုပါ။ ကျမတို့သားတွေက အခုဆိုရင် အသက် ၂၀ ကျော်ပြီ။ ဉာဏ်ရည်မသန်စွမ်းဖြစ်နေတဲ့ အတွက်ကြောင့်မို့လို့ ကောင်းမွန်တဲ့ ပညာရေးတွေ မရခဲ့ဘူး။ အသက်မွေးဝမ်းကျောင်း ပညာရေးတွေလည်း မရခဲ့ဘူး။ အဲဒီတော့ ကျမတို့ရဲ့ လူငယ်တွေဟာ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း အရမ်းနည်းပါတယ်။ သူတို့ကိုယ်သူတို့ ယုံကြည်မှုတွေလည်း မရှိကြဘူး။ အဲဒါကြောင့် ကျမတို့က သူတို့ကို နောင်လာမယ့်အချိန်မှာ သူတို့အတွက် ထိုက်သင့်တဲ့ အလုပ်အကိုင်ပေါ့နော်။ ပြီးတော့ လိုက်လျောညီထွေတဲ့ ဝင်ငွေပေါ့။ အဲဒါမျိုးတွေကို ကျမတို့က လိုချင်ပါတယ်။ သူတို့က မျှော်လင့်ချက်တွေ ရှိနေကြတယ်ပေါ့နော်၊ တော်တော်များများက။ မြန်မာပြည်မှာ ဉာဏ်ရည်မသန်စွမ်း လူငယ်တွေဟာ တကယ်ကို အလုပ်အကိုင်အတွက် လက်ချိုးရေလို့ရတယ်ပေါ့နော်။ လက်ချိုးရေလို့ရတယ်၊ ဒီဉာဏ်ရည်မသန်စွမ်းတွေနဲ့ ပတ်သက်ပြီးတော့။ ဒါပေမယ့် သူတို့တွေက အလုပ်လုပ်နိုင်တယ်၊ သူတို့နဲ့ လိုက်လျောညီထွေမှုရှိတဲ့ အလုပ်အကိုင်များ ရခဲ့မယ်ဆိုရင် … ကျမတို့က အဲဒါတွေကို မျှော်လင့်နေတယ်။ အဲဒီတော့ ကျမတို့ဘက်ကို မသန်စွမ်းတွေဘက်ကို အခွင့်အရေး အရမ်း နည်းပါးတယ်။ ဉာဏ်ရည်မသန်စွမ်းတွေ အတွက်ကို ဘာတွေများ စီစဉ်ပေးထားသလဲပေါ့။ ကျမ အဲဒါကို သိချင်ပါတယ်။ ဟုတ်ကဲ့။ NLD က ဆရာစိုးဝင်းဦး ဖြေပေးပါဦးရှင့်။ ဖြေ။     ။ ဟုတ်ကဲ့၊ မေးခွန်းမေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်မ။ အထူးသဖြင့် ဒီ မသန်စွမ်းတွေနဲ့ ပတ်သက်ပြီးတော့ … အခုကတော့ ဉာဏ်ရည်မသန်စွမ်း ကလေးပေါ့နော်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က ရေရှည်မှာ အသက်မွေးဝမ်းကျောင်းပညာရေးမှာ ဉာဏ်ရည်မသန်စွမ်း ကလေးငယ်တွေ အားလုံး ပေါင်းစပ်ပါဝင်နိုင်တဲ့ အစီအစဉ်မျိုးတွေကို ရေးဆွဲပြီးတော့ အကောင်အထည်ဖော်ထားတာ ရှိပါတယ်။ အဲဒီအတွက်လည်း နောင်လာမယ့် အစီအစဉ်သစ်တွေမှာ ကလေးတွေရဲ့ ပညာရေးနဲ့ ပတ်သက်ပြီးတော့ လူတိုင်းအကျုံးဝင်တဲ့၊ အားလုံးအကျုံးဝင်တဲ့ ပညာရေးအစီအစဉ်မှာ မသန်စွမ်း ကလေးငယ်များ အားလုံးအပါအဝင်၊ မသန်စွမ်းကလေးငယ်များ အားလုံးဆိုတာမှာလည်း ကျန်တဲ့ မသန်စွမ်းတွေထက် ပိုပြီးတော့ အားနည်းချက်ရှိတဲ့ ဉာဏ်ရည်မသန်စွမ်းကလေးငယ်တွေကို သူတို့နဲ့ လိုက်ဖက်ညီတဲ့ အသက်မွေးမှုကို ပေးနိုင်တဲ့ သီးသန့်လေ့ကျင့်ရေး ကျောင်းမျိုးတွေပေါ့နော်။ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပညာရေးနဲ့ ပတ်သက်တဲ့ လေ့ကျင့်ရေး ကျောင်းမျိုးတွေကို ပိုပြီးတော့ တိုးချဲ့ဖွင့်လှစ်ပြီးတော့ လေ့ကျင့်ပေးနိုင်တယ်ဆိုရင် ပိုပြီးတော့ ဒီကလေးတွေရဲ့ အနာဂတ် ဖွံ့ဖြိုး အဆင်ပြေလာမယ်။ ဒီလိုမျိုး ကျနော်တို့ ယုံကြည်ပြီးတော့ အဲဒီအစီအမံတွေကို စပြီးတော့ အကောင်အထည် ဖော်နေတာတွေ ရှိပါတယ်။ နောက် ပိုပြီးတော့ ဖွံ့ဖြိုးပြီးတော့ အကောင်အထည်ဖော်မှုတွေ ပိုပြီးတော့ အရှိန်ရလာလို့ရှိရင်တော့ ပိုပြီးတော့ သိသာထင်ရှားလာမှာ ဖြစ်ပါတယ်။ ကြိုက်တဲ့သူ၊ ကြိုက်တဲ့ ပုဂ္ဂိုလ်ကို မဲပေးပိုင်ခွင့်ရှိတယ်။ ဒါပေမယ့် မဲပေးပိုင်ခွင့်ရှိသူ တစ်ယောက်အနေနဲ့ ဆိုရင်တော့ မဲကို သွားကိုသွားပေးရမယ်။ ဒါ ပြည်သူတစ်ယောက်ရဲ့ အခွင့်အရေးပေါ့နော်။ ၂၀၁၅ တုန်းကလည်း ကိုယ်လုပ်မှ ကိုယ်စားရမယ်ဆိုတဲ့ စကားတွေကြားတယ်ပေါ့နော်၊ ၂၀၂၀ လည်း ကိုယ်လုပ်မှ ကိုယ်စားရမယ်ဆိုတဲ့ စကားတွေလည်း ကြားနေရတုန်းပဲပေါ့နော်။ ကိုယ်လုပ်မှ ကိုယ်စားရတာချင်းတူတူ အသက်ရှူချောင်ချောင်နဲ့ ကိုယ်လုပ်မှ ကိုယ်စားရတဲ့ အခြေအနေမျိုးရောက်အောင်ပေါ့နော်၊ ကိုယ်ပေးမှ ရမယ့်သူတစ်ယောက် အနေနဲ့ မဲတစ်ပြားက အရမ်းကို တန်ဖိုးကြီးတယ်ပေါ့နော်။ ညီမတို့မြို့နယ်၊ သာကေတဘက်မှာကျတော့ အခြေခံလူတန်းစားက များတယ်ရှင့်။ အခြေခံလူတန်းစား များတယ်ဆိုတော့ သူတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ၊ နောက်ပြီးကျတော့ ဒီဘက်မှာဆိုရင် ကျူးကျော်တွေ ရှိတယ်။ ကျူးကျော်တွေဆိုတော့ သူတို့အတွက် နေစရာတွေ၊ နောက်ပြီးတော့ လမ်းသာယာရေးတွေ အဲဒါတွေအတွက်ကိုပဲ ပိုပြီးတော့ အဓိကထားပြီး လိုချင်တယ်ရှင့်။ ကျနော်ကိုယ်တိုင်ကလည်း LGBT ဖြစ်နေတဲ့ အတွက်ကြောင့်မို့လို့ အဓိကကတော့ ကျနော် အလုပ်အကိုင် အခွင့်အလမ်းတွေကို ပိုပြီးတော့ ပြုပြင်ပြောင်းလဲချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်မှာ ဘယ်အလုပ်ခေါ်ခေါ် အခုလက်ရှိ LGBT ဆိုလို့ရှိရင် အလုပ်ရှင်တော်တော်များများက သိပ် သဘောမကျကြဘူး။ အလုပ်ခန့်ဖို့ကလည်း သူများတွေထက်စာရင် အခွင့်အရေး အရမ်းနည်းပါတယ်။ ကျနော်တို့ကို တခြားပြည်သူတွေနဲ့ တန်းတူ အလုပ်အခွင့်အရေးတွေ ပိုပေးစေချင်တယ်။ ကျနော်တို့လူငယ်တွေ အနေနဲ့ နိုင်ငံရေးကို စိတ်ဝင်စားဖို့ လိုပါတယ်။ အဲဒီလို စိတ်ဝင်စားမှသာ ကျနော်တို့က ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို သိပြီးတော့ ကျနော်တို့ ဒီမိုကရေစီစနစ်ကို ရှင်သန်ထွန်းကားအောင် လုပ်နိုင်မှာပေါ့နော်။ မဟုတ်ရင် ကျနော်က ကိုယ့်ရဲ့ ရသင့် ရပိုင်ခွင့်တွေကို မသိရင် ဒီ ဒီမိုကရေစီစနစ်ကို သွားဖို့ ခက်ခဲတယ်ပေါ့။ မဲပေးမယ့် လူငယ်တစ်ယောက် အနေနဲ့ပေါ့နော်၊ ညီမယုံကြည်တဲ့ ညီမတို့ခေါင်းဆောင်ကပေါ့နော် ညီမတို့အပေါ် အများကြီး လုပ်ပေးမယ်လို့ ညီမအနေနဲ့ ယုံကြည်တယ်။ ပြီးတော့ ညီမတို့နိုင်ငံက အခုဆိုရင် ဖွံ့ဖြိုးဆဲနိုင်ငံအနေနဲ့ပေါ့နော်၊ သူများနိုင်ငံတွေနဲ့ တန်းတူ ရင်ဘောင်တန်းနိုင်ဖို့၊ သူများနိုင်ငံတွေက ရတဲ့ အခွင့်အရေးတွေရဖို့ အဲဒီလောက်အထိတော့ မျှော်လင့်ထားတယ်။ ရွေးကောက်ပွဲမှာက အနိုင်နဲ့အရှုံးကတော့ နှစ်မျိုးတော့ ရှိမှာပဲပေါ့။ အနိုင်နဲ့အရှုံးနှစ်မျိုးရှိတဲ့အထဲက ကျနော်တို့ မကြိုက်တဲ့သူတစ်ဦးတစ်ယောက်ကသာ ကျနော်တို့က မဲမပေးလိုက်တဲ့ မဲတစ်မဲလေးကြောင့် ကပ်ပြီးနိုင်သွားမယ်ဆိုရင် ကျနော်တို့က ကျနော်တို့ကိုယ်ကျနော်တို့ နောက်မှ နောင်တရမိမယ်ပေါ့နော်။ အဲဒီလိုမျိုးလေးတွေတော့ မဖြစ်စေချင်ဘူး။ ဒါကြောင့်မို့လို့ ငါးနှစ်မှာမှ တစ်ကြိမ်ရတဲ့ အခွင့်အရေး၊ ပြီးတော့ အသက် ၁၈ နှစ် ပြည့်ပြီးတဲ့အပြင်ကို ဒါက မဲစာရင်းမှာ ကိုယ့်နာမည်လည်း ပါရမယ်၊ ပြီးလို့ရှိရင် ဒါက ပြဌာန်းဥပဒေအရလည်း မဲဆန္ဒနယ်မှာ ပေးနိုင်တဲ့သူတစ်ဦးဖြစ်မှသာလျှင် ဒီအခွင့်အရေးက ရရှိတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ကတော့ အခု ပထမအကြိမ် မဲပေးကြမယ့် လူငယ်တွေကော၊ နောက်ထပ် မဲဆက်ပေးရမယ့်သူတွေရောပေါ့နော်၊ သွားရောက်ပြီးတော့ မဲပေးသင့်တယ်လို့ တိုက်တွန်းချင်ပါတယ်။ ဒီနှစ်ရွေးကောက်ပွဲကနေ ညီမတို့ တခုခုကို ပြောင်းလဲသွားမယ်လို့ ညီမတော့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့၊ ဒါပေမယ့် ညီမတို့ရဲ့မဲအပေါ်မှာတော့ မူတည်တယ်ပေါ့နော်။ တကယ်ကို လုပ်နိုင်မယ့်သူကို ပေးဖို့တော့ လိုတယ်ပေါ့။ ညီမတို့ တကယ်သာ မှန်ကန်တဲ့ရွေးချယ်မှုကို ရွေးချယ်နိုင်မယ်ဆိုရင်တော့ ညီမတို့နိုင်ငံအတွက်တော့ အပြောင်းအလဲတစ်ခုကတော့ ဖြစ်မယ်လို့တော့ ထင်ပါတယ်။ ဟုတ်ကဲ့ပါ၊ နောက်ထပ်မောင်လေးတစ်ယောက်ကတော့ လွှမ်းမိုးအောင်ပါရှင့်။ မောင်လေး မေးခွန်းမေးလို့ရပါပြီနော်။ မေး။     ။ ကျနော်မေးချင်တဲ့ အဓိကအချက်ကတော့ ကလေးတွေရဲ့ ကဏ္ဍဖြစ်တဲ့၊ ကလေးတွေ ကဏ္ဍလို့ ပြောလိုက်တာနဲ့ အားလုံးပါတာက ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပြီးလို့ရှိရင် ကလေးတွေရဲ့ ပါဝင်မှုတွေနဲ့ တခြား အသင်းအဖွဲ့တွေ ဘာတွေပေါ့။ အဲဒီလိုမျိုးတွေမှာရော ကလေးတွေနဲ့ ပတ်သက်တဲ့ အသုံးစားရိတ်တွေ၊ ဘက်ဂျက်တွေကို အခုလက်ရှိပေါ့နော် ရှိတဲ့ဘတ်ဂျက်ထက် ပိုပြီးတော့များ … အကယ်၍ လွှတ်တော်ထဲမှာ နောက်ငါးနှစ်တာ ဆက်ပြီးတော့ အာဏာရသွားတဲ့အခါမှာ ဒီဘတ်ဂျက်တွေ ထပ်ပြီး တိုးလာပေးနိုင်မလား။ ကလေးတွေအတွက်ပေါ့နော်။ ပြီးတော့ ဒီဘတ်ဂျက်တွေကိုလည်း ပွင့်လင်းမြင်သာမှုရှိရှိ ပြည်သူလူထုတွေကိုလည်း ချပြပေးဖို့ လုပ်ဆောင်နိုင်မလား။ နောက်ဆုံး အချက်အနေနဲ့က လူငယ်ကဏ္ဍတွေဖြစ်တဲ့ လူငယ့်ရေးရာ၊ လူငယ်မူဝါဒတွေ ရေးဆွဲတဲ့အခါတိုင်းမှာ ကျနော်တို့လို လူငယ်တွေအားလုံးအတွက် အစိုးရတစ်ခု အနေနဲ့ရော ဘယ်လို ထောက်ပံ့မှုတွေ ဖြစ်နိုင်မလဲ၊ ဘယ်လိုပေးနိုင်မလဲဆိုတာကို ကျနော့်အနေနဲ့ သိချင်ပါတယ်ခင်ဗျ။ ကျေးဇူးပါ။ ဟုတ်ကဲ့ပါ။ သူကတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို မေးထားတဲ့အတွက် ပြန်လည် ဖြေကြားပေးပါဦးရှင့်။ ဖြေ။     ။ ဟုတ်ကဲ့ မင်္ဂလာပါသားရယ်။ အခုလို ဘတ်ဂျက်နဲ့ပတ်သက်ပြီး လူငယ်တွေက စိတ်ဝင်စားတာ အလွန်အင်မတန်မှ နိုင်ငံအနာဂတ်အတွက်လည်း အားရစရာကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာက အစိုးရကိုယ်တိုင်က လိုအပ်တဲ့ကဏ္ဍအလိုက် ကဏ္ဍအသီးသီးမှာ လုံလောက်တဲ့ အသုံးစရိတ်တွေရအောင် သူက စီမံခန့်ခွဲနိုင်ဖို့ လိုအပ်တာကိုး။ အဓိကကတော့ ကျောင်းသူကျောင်းသားတွေ၌က၊ နောက်ပြီးတော့ ကျောင်းသူကျောင်းသားတွေကို စောင့်ရှောက်ရတဲ့ မိဘတွေ၌က ပြောင်းလဲလာတဲ့ စနစ်သစ် ပညာရေးမှာ အရည်အသွေးပြည့် လူငယ်တွေ ဖြစ်ပြီးတော့ အဲဒီပြည့်လာတဲ့ အရည်အသွေးတွေနဲ့ မိမိဘဝကို မိမိ တည်ဆောက်နိုင်ဖို့၊ မိမိ ပတ်ဝန်းကျင်ကို အကျိုးပြုဖို့၊ နောက်ပြီး တိုင်းပြည်နဲ့ နိုင်ငံကို အကျိုးပြုဖို့ပေါ့နော်။ ဒါမျိုးတွေ အဆင်ပြေဖို့ မိဘတွေကိုယ်၌ကလည်း အားပေးမယ်၊ ကျောင်းသားတွေ၌ကလည်း ဒီလို အတွေးအမြင် ဖွင့်ပြီးတော့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် မိဘ၊ ဆရာ၊ ကျောင်းသားအားလုံး ဒီ ပညာရေးတြိဂံကလည်း အားလုံး တာဝန်ရှိမယ်ထင်ပါတယ်။ အစိုးရ တစ်ရပ်တည်းတင် မဟုတ်ဘူးလေ၊ ပညာရေး ပြောင်းလဲဖို့ဖြစ်တယ်။ နောက် ဆရာတို့ နောင်လာမယ့် သက်တမ်းမှာတော့ ဒီထက်ပိုကောင်းတဲ့ ဘတ်ဂျက်တွေလည်း ရလာမယ်၊ သို့သော် ပညာရေးဘတ်ဂျက်ဆိုတာက ပညာရေးကဏ္ဍကို ရော့အင့်ဆို အများကြီး ပုံပေးလို့တော့ မရနိုင်ဘူး။ နိုင်ငံမှာ ကဏ္ဍတွေအသီးသီးရဲ့ ဖွံ့ဖြိုးမှုဟာ ဟာမိုနီဖြစ်ရတယ်။ သဟဇာတ မျှတရတယ်၊ စည်းချက် ဝါးချက် ညီရတယ်။ အဲဒီအတွက် သို့သော် တကယ်အခြေခံလိုအပ်ချက်ထဲမှာ ပညာရေးက အရေးကြီးပါတယ်။ အခုလို ကိုဗစ်ကာလဆိုရင် ဘက်ဂျက်တွေကို ကျန်းမာရေးပဲပေါ့၊ အရေးပေါ်ကယ်ဆယ်ရေး၊ ကူညီရေးပေါ့။ ကျနော်တို့ အခြေအနေ အချိန်အခါအရတော့ ဒီဘတ်ဂျက်ကို ပိုဦးစားပေးရမယ်ဆိုတာ ရှိတယ်။ အဲဒီတော့ မြန်မာနိုင်ငံရဲ့ ပညာရေးဘက်ဂျက်ကတော့ တကယ့်တကယ်ခေတ်တွေနဲ့ ယှဉ်လို့ရှိရင်တော့ အဆမတန်၊ နှစ်ဆလောက်ခုန်တက်လာတာ သေချာသွားပြီ။ ဒီထက် တက်အောင်လည်း ကြိုးစားဖို့ အစိုးရတွေမှာလည်း တာဝန်ရှိမှာပါ။ သို့သော် ပြည်သူတွေကိုယ်၌ကလည်း ကိုယ့်ရဲ့ သိထားတဲ့အသိ၊ တစ်ဦးချင်း ပူးပေါင်းပါဝင်မှုကိုလည်း ဒီထက်ပိုပြီး ပူးပေါင်းနိုင်ရင်တော့ ဆရာတို့ပညာရေးက ဘာပဲဖြစ်ဖြစ် အာဆီယံအဆင့်အတန်းမှာ ထိပ်တန်းနိုင်ငံတစ်ခုအဖြစ် ပြန်ရောက်လာမယ်လို့ ဆရာတို့ ယုံကြည်ပါတယ်။ သားတို့အားလုံးလည်း ရှေ့ဆက်ပြီးတော့ အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်။ ညီမတို့က ကိုယ်လိုချင်တဲ့အစိုးရကို အားလုံးက ဝိုင်းဝန်းပြီးတော့ မတင်မြှောက်ဘူးဆိုရင်၊ မရွေးချယ်ရဲဘူးဆိုရင် ညီမတို့နိုင်ငံအတွက် ဖြစ်လာမယ့် ပြဿနာတွေကို ဘယ်သူက ဖြေရှင်းပေးမှာလဲပေါ့နော်။ အဲဒီတော့ ကိုယ်က ကိုယ်ကြိုက်တဲ့အစိုးရကို ကိုယ်ရွေးချယ်ရမယ်။ ကိုယ့်နိုင်ငံ အပြောင်းအလဲအတွက်ကို မဲပေးခြင်းက အရမ်းကို အရေးကြီးပါတယ်။ ဒီရွေးကောက်ပွဲကနေပြီးတော့ ကျနော်က ကျောင်းသားဖြစ်တဲ့အတွက် ပညာရေးနဲ့ဆိုင်တဲ့ သင်ထောက်ကူ ပစ္စည်းတွေကို ပိုပြီးတော့ ရစေချင်တယ်။ ပြီးတော့ ပညာရေးအခွင့်အလမ်းတွေကိုလည်း ပိုပြီးတော့ ဖြစ်စေချင်ပါတယ်။ ပထမဦးဆုံးမဲပေးမယ့် လူငယ်တစ်ယောက်အနေနဲ့ဆိုရင် ခံစားချက်ကတော့ ကိုယ်ပေးလိုက်တဲ့ မဲအပေါ်မှာ အောင်မြင်မှု ရမရပေါ့။ တကယ်လို့ ကိုယ်ရည်မှန်းထားတဲ့ ကိုယ့်ရဲ့ပါတီက တကယ်လို့ အောင်မြင်လာပြီ၊ တကယ်လို့ အနိုင်ရရှိသွားပြီဆိုလို့ရှိရင် တကယ်ကို ကိုယ်မျှော်မှန်းထားတဲ့အတိုင်း ဖြစ်မလားဆိုတဲ့ အတွေးတွေနဲ့ ရင်ခုန်နေမိပါတယ်။ ကျနော်တို့ ပတ်ဝန်းကျင်မှာ တော်တော်ဆိုးနေတဲ့ အဂတိလိုက်စားမှုတွေကို ဦးစားပေးပြီး သူတို့ကို လုပ်ဆောင်စေချင်တယ်။ ပြီးတော့ ပတ်ဝန်းကျင်မှာ ကလေးသူငယ် အခွင့်အရေးတွေက အရာရာကို ချိုးဖောက် ခံနေရတယ်ဗျ။ ကလေးသူငယ် အခွင့်အရေးတို့၊ လူ့အခွင့်အရေးပေါ့နော်၊ နောက်တစ်ခုက။ လူ့အခွင့်အရေးလည်း အရေးကြီးတယ်။ လူ့အခွင့်အရေးတွေ၊ အဂတိလိုက်စားမှုတွေ၊ ကလေးသူငယ် အခွင့်အရေးတွေနဲ့ သက်ဆိုင်တဲ့ အခွင့်အရေးတော်တော်များများကို သူတို့ကို ဦးစားပေး လုပ်ဆောင်စေချင်ပါတယ်ဗျ။ ဟုတ်ကဲ့ပါ။ ကျေးဇူးပါရှင့်။ နောက်ထပ်မေးမယ့် မောင်လေးကတော့ မောင်လေး မောင်ဉာဏ်လင်းထက် ပေါ့နော်။ မောင်လေးမောင်ဉာဏ်လင်းထက် မေးခွန်းမေးလို့ရပါပြီ။ မေး။     ။ မင်္ဂလာပါခင်ဗျာ။ ကျနော် မေးခွန်းမေးရလို့ ကျေးဇူးတင်ပါတယ်။ ကျနော့်နာမည်က ဉာဏ်လင်းထက်ပါ။ ကျနော်က ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှာ ဥပဒေ နောက်ဆုံးနှစ် တက်ရောက်နေတယ်ပေါ့နော်။ ကျနော်မေးချင်တာကတော့ NLD ပါတီကို မေးချင်တာပေါ့နော်။ အစိုးရအနေနဲ့က၊ NLD အနေနဲ့ နောက်ထပ် ငါးနှစ်မှာ အာဏာရမယ်ဆိုရင် တရားရေးဘက်ကို အခြေခံအဆောက်အအုံတွေ ပြည့်စုံအောင်၊ လစာတွေ ပြည့်စုံအောင် ဖန်တီးပေးဖို့ အခွင့်အရေး ရှိလားပေါ့။ နောက်ပြီးတော့ လက်ရှိမှာ ထပ်အာဏာရမယ်ဆိုရင် ပြည်ထောင်စု တရားသူကြီးချုပ်ကို ပြောင်းလဲဖို့ ပါတီအနေနဲ့ အစီအစဉ်ရှိလားပေါ့။ အဲဒါလေး ဖြေပေးပါဦး။ ကျေးဇူးတင်ပါတယ်ခင်ဗျ။ ဟုတ်ကဲ့။ ဆရာစိုးဝင်းဦး ဖြေပေးပါဦးရှင့်။ ဖြေ။     ။ ဟုတ်ကဲ့၊ မေးခွန်းလေးကတော့ နည်းနည်းများတယ် ထင်တယ်နော်။ ကျနော်တို့အနေနဲ့ ဖြေရလို့ရှိရင်တော့ ညီလေးက ဥပဒေပညာနဲ့ ကျောင်းတက်နေတယ်ပေါ့နော်။ ကျောင်းပြီးပြီး အလုပ်အကိုင် အခွင့်အလမ်း စောင့်တဲ့အခါမှာ အစိုးရ နိုင်ငံ့ဝန်ထမ်းလုပ်ဖို့ သူက ပိုပြီးတော့ မျှော်လင့်တယ်ပေါ့။ နိုင်ငံမှာတော့ နိုင်ငံဝန်ထမ်းအားလုံးကို တရားရေးဌာနရယ်လို့ သီးသန့်ခွဲပြီးစဉ်းစားလို့မရပါဘူး။ နိုင်ငံတစ်ခုမှာတော့ နိုင်ငံ့ဝန်ထမ်းအားလုံးရဲ့ ဘဝကို လုပ်ခလစာနဲ့ သူတို့ဘဝရပ်တည်မှု လုံလောက်မှု ရှိအောင်တော့ အမြဲတမ်းစဉ်းစားပြီးတော့ လစာကို အခါအားလျော်စွာ နိုင်ငံရဲ့ ဘက်ဂျက် ခွင့်ပြုနိုင်တဲ့အပေါ် မူတည်ပြီးတော့ တောက်လျှောက်တိုးပေးနေတာ တွေ့ရမှာပါ။ NLD အစိုးရလက်ထက်မှာ ပိုပြီးတော့ သိသာတဲ့ အနေအထား ရှိပါတယ်။ နောက်တစ်ခုကတော့ အူမတောင့်မှ သီလစောင့်မယ်ဆိုတဲ့စကားတစ်ခုတည်းနဲ့ အခုနပြောတဲ့ အကျင့်ပျက်ခြစားမှုကို လိုက်ပါဆောင်ရွက်တယ်ဆိုရင်လည်း နိုင်ငံသားကောင်း မပီသရာ ကျပါတယ်။ အဲဒီတော့ အခြေခံအဆောက်အအုံ ပြည့်စုံဖို့ရယ်၊ နောက်တစ်ခုကတော့ ဝန်ထမ်းတွေရဲ့ ဘဝလုံခြုံမှု ရှိဖို့ပေါ့နော်။ အဲဒါကတော့ နိုင်ငံကိုတာဝန်ယူရတဲ့ မည်သည့်အစိုးရမဆို ဆောင်ရွက်ရမယ့် တကယ့် အဓိကတာဝန်ထဲမှာပါတယ်လို့ ဆရာတို့ပါတီအနေနဲ့ ခံယူပါတယ်။ အဲဒီအတွက် ရှေ့လာမယ့်သက်တမ်း ငါးနှစ်ကာလမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်သူတွေ ပေးအပ်တဲ့တာဝန်ကို ရလို့ အစိုးရအနေနဲ့ ဆက်ပြီးတော့ ဆောင်ရွက်ရမယ်ဆိုရင်တော့ ဒီထက်ပြေလည် ကောင်းမွန်တဲ့ ဘဝ၊ နိုင်ငံဝန်ထမ်းတွေရဲ့ အဆင်ပြေပြီးတော့ အဆင်ပြေကောင်းမွန်တဲ့ ဘဝရောက်အောင် ဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ ဆရာ ဒီနေရာကနေ သတင်းစကားလေး ပါးနိုင်ပါတယ်။ ဟုတ်ကဲ့ပါ။ ကျေးဇူးပါ။ အဲဒီတော့ အခု နောက်ဆုံးတစ်ယောက်ပေါ့နော်။ မောင်လေး ကိုကျော်မိုးအောင် ရှိလားမသိဘူးနော်။ ဟုတ်ကဲ့ မောင်လေး မေးခွန်းမေးလို့ရပါပြီ။ မေး။     ။ အားလုံးပဲ မင်္ဂလာပါ။ ကျနော်က ကျော်မိုးအောင် ဖြစ်ပါတယ်။ ဥပဒေပညာဌာန တတိယနှစ်မှာ ပညာသင်ကြားနေပါတယ်။ ရန်ကုန်တက္ကသိုလ်ကပါ။ ကျနော်က မရမ်းကုန်းမြို့နယ်မှာ နေပါတယ်။ ပြီးတော့ အခု မေးခွန်းမေးလိုတာကတော့ ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ ဥက္ကဋ္ဌ ဒေါက်တာဒေါ်သက်သက်ခိုင်ကို မေးမြန်းလိုတဲ့ မေးခွန်းဖြစ်ပါတယ်။ အခု ကျနော်တို့ ရန်ကုန်တိုင်းအတွင်းမှာသာမက၊ ဒီ ပြည်သူ့ရှေ့ဆောင် ပါတီမှာဆိုလို့ရှိရင် လူငယ်လွှတ်တော်ကိုယ်စားလှယ်လောင်းတွေလည်း အများကြီးပဲ ရွေးချယ်ထားတာ တွေ့ရတယ်ပေါ့နော်။ အဲဒီအတွက်လည်း ကျနော်တို့လူငယ်တွေကို နေရာပေးတဲ့အတွက်လည်း ဝမ်းသာမိပါတယ်ပေါ့။ ဒါပေမယ့်လို့ အဲဒီလိုမျိုးလူငယ်တွေကို ဘယ်လိုမျိုးစည်းမျဉ်းမျိုး၊ ဘယ်လိုမျိုး အချက်မျိုးကို ကြည့်ပြီးတော့ ရွေးချယ်ထားလဲပေါ့နော်။ ကျနော့်အနေနဲ့ အဲဒါကို ပထမအချက်အနေနဲ့ သိချင်ပါတယ်။ နောက်တစ်ခုကတော့ အန်တီ့ရဲ့အမြင်ပေါ့၊ ဒေါက်တာ့ရဲ့ အမြင်ပေါ့နော်။ ရွေးချယ်ထားတဲ့ လူငယ်တွေကရော အခု ပြည်သူလူထုရဲ့ ဆန္ဒနဲ့ ကိုက်ညီမှုရှိလားဆိုတာမျိုးကို၊ ကိုက်ညီမှု ရှိတယ်လို့ မြင်မိလားပေါ့၊ အဲဒီနှစ်ချက်ကို ကျနော့်အနေနဲ့ သိချင်ပါတယ်။ ဟုတ်ကဲ့၊ ဖြေကြားပေးဖို့ တောင်းဆိုပါတယ်။ ဖြေ။     ။ ကျေးဇူးပါရှင့်၊ ကျေးဇူးပါရှင့်။ မေးခွန်းမေးတဲ့အတွက် ကျေးဇူးပါရှင့်။ ကျမတို့ ပါတီအနေနဲ့တော့ ပေါ့နော်၊ ကျမတို့ပါတီရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းကကျတော့ လူငယ်တွေ၊ အမျိုးသမီးတွေ၊ တိုင်းရင်းသားတွေကို ပါတီတွင်း နိုင်ငံရေးအရ ဦးဆောင်မှု ရှိနိုင်တဲ့ဖွဲ့စည်းပုံမျိုး ကျမတို့ ရေးဆွဲထားပါတယ်ရှင့်။ လူငယ်တွေ၊ အမျိုးသမီး၊ အမျိုးသားတွေ၊ တိုင်းရင်းသားတွေ၊ ပါတီတွင်းမှာ ဦးဆောင်မှုအခန်းကဏ္ဍရဖို့လို့ အတွက် ဖွဲ့စည်းပုံစည်းမျဉ်းနဲ့ ပါတီရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းနဲ့ အာမခံထားတာ ဖြစ်ပါတယ်ရှင့်။ အဲဒါကြောင့်မို့လို့ ကျမတို့ရဲ့ ပါတီဝင်တွေထဲမှာ ဆိုလို့ရှိရင် လူငယ်ပေါ့နော်၊ လူငယ်လို့ပြောရင် ကျမတို့က ၃၅ နှစ်အောက်ပါရှင့်။ ၃၅ နှစ်အောက်လူငယ်ရဲ့ ပါဝင်မှုနှုန်းက ၃၇ ရာခိုင်နှုန်း ရှိပါတယ်။ ပြီးရင် ၃၅ နှစ်အထက်ကတော့ ၆၃ ရာခိုင်နှုန်းရှိပါတယ်။ အဲဒီ ၆၃ ရာခိုင်နှုန်းထဲမှာလည်း အဲဒီလိုပေါ့နော်၊ ၃၅ နှစ်နဲ့ ၄၀ ပတ်ချာလည်၊ ၅၀ ပတ်ချာလည် ပိုများပြီးတော့မှာ ၆၀ ကျော်တဲ့သူက နည်းပါတယ်ရှင့်။ နည်းပါတယ်။ နောက်တစ်ခုကကျတော့ အဲဒီလိုပဲ၊ ကျမတို့ ပါတီဝင်တွေထဲမှာ လူငယ်တွေများတဲ့အတွက် ကိုယ်စားလှယ်လောင်း လျှောက်တဲ့အထဲမှာလည်း လူငယ်တွေများတာ ဖြစ်ပါတယ်။ အဲဒီတော့ လူငယ်တွေကတော့ ကိုယ်စားလှယ်လောင်းထဲမှာတော့ ၂၀ ရာခိုင်နှုန်း ပါဝင်တာ ဖြစ်ပါတယ်။ လူငယ်တွေ ဆိုပြီးတော့မှ ကျမတို့က လူငယ်တွေအတွက် သီးသန့်စံသတ်မှတ်ချက်ကို လုပ်ထားတာ မဟုတ်ဘဲနဲ့ ကျမတို့ကကျတော့ ဒီ လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ခြင်းမှာ ကျမတို့ အချက်ငါးချက်နဲ့ စဉ်းစားတာ ဖြစ်ပါတယ်ရှင့်။ နောက်တစ်ခုကကျတော့ ကျမတို့ရဲ့ အခြေခံမူအားဖြင့် ကျမတို့က သာတူညီမျှမှု၊ လွတ်လပ်မှုနဲ့ ကွဲပြားစုံလင်မှု၊ တရားမျှတမှုနဲ့ ပြီးလို့ရှိရင် တာဝန်ယူမှု တာဝန်ခံမှုနဲ့ ကျမတို့ ပါတီရဲ့ စံတန်ဖိုးတွေကို ကျမတို့ ထည့်သွင်းစဉ်းစားပြီးတော့မှ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်ရှင့်။ ပြည်သူလူထု ဘယ်လောက် ကြိုက်နှစ်သက်လဲဆိုတာကတော့ ကျမတို့က ဒီလိုစဉ်းစားရမှာပေါ့ရှင့်။ ဒီရွေးကောက်ပွဲ အဖြေကို ကျမတို့က စောင့်ကြည့်ရမယ်။ ရှုံးသွားတိုင်းလည်း ညံ့လို့တော့မဟုတ်ဘူးပေါ့နော်။ တစ်ခါတလေကျရင် ကိုယ်နဲ့ ပြိုင်ရတဲ့လူအပေါ်လည်း မူတည်တယ်။ နောက် ပြည်သူလူထုရဲ့ အစွဲကင်းကင်းနဲ့ ဘယ်လောက် မဲပေးလဲဆိုတဲ့၊ ပြည်သူလူထု ဘယ်လောက်က အစွဲကင်းကင်းနဲ့ မဲပေးလဲဆိုတာ အပေါ်လည်း မူတည်တာပေါ့နော်။ ဆိုလို့ရှိရင် ပြည်သူလူထုရဲ့ စဉ်းစားတဲ့ပုံစံပေါ့နော်၊ ပါတီကိုလည်း ကြည့်တယ်၊ ပါတီကြည့်တယ်ဆိုတာ ပါတီရဲ့ မူဝါဒတွေ၊ ပါတီရဲ့ လုပ်ငန်းစဉ်တွေကို ကြည့်တာပေါ့နော်၊ ပါတီကို ကြည့်တယ်ဆိုတာ။ ပြီးလို့ရှိရင် ကိုယ်စားလှယ်လောင်း တစ်ယောက်ချင်းစီရဲ့ အရည်အချင်းကိုလည်း ကြည့်တယ်ပေါ့နော်။ ပြီးလို့ရှိရင် ဒီ ကိုယ်စားလှယ်လောင်း တစ်ယောက်ချင်းစီရဲ့ အကြောင်းကို၊ နောက်ခံသမိုင်းကြောင်းကို သိပြီးလို့ရှိရင် ဘယ်လောက် ကိုယ့်ရဲ့ဒေသအကျိုးကို လုပ်ပေးနိုင်တယ်ဆိုတာ၊ ဒါတွေနဲ့ စဉ်းစားပြီးတော့မှ အစွဲကင်းကင်းနဲ့ မဲပေးတယ်ဆိုလို့ရှိရင်တော့ ကျမတို့ရွေးထားတဲ့ ကိုယ်စားလှယ်လောင်းတွေ၊ လူငယ်ကိုယ်စားလှယ်လောင်းတွေ အများစုကို ကျမ အားရကျေနပ်မှု ရှိပါတယ်ရှင့်။ ဟုတ်ကဲ့ပါ။ ကျေးဇူးတင်ပါတယ်နော်။ ဆိုတော့ ကျမတို့ ဒီနေ့မှာ စိတ်ရှည်ရှည်နဲ့ ပါဝင်ပေးကြတဲ့၊ မေးခွန်းတွေ မေးပေးသွားကြတဲ့ လူငယ်တွေကိုရော၊ ဒီဘက်ကနေပြီးတော့ ဖြေပေးသွားတဲ့ ပါတီအသီးသီးက တာဝန်ရှိတဲ့သူတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်ရှင်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024