အာရှရုပ်ရှင်ဆုပေးပွဲတွင် နာမည်ကြီး ကိုရီးယားရုပ်ရှင် – Parasite  က ဆုအများဆုံး သိမ်းပိုက်

ကိုဗစ်-၁၉ ကပ်ဘေးကြောင့် အွန်လိုင်းကတဆင့် ကျင်းပခဲ့ရတဲ့ နာမည်ကျော် အာရှရုပ်ရှင်ဆုပေးပွဲမှာ ကိုရီးယားရုပ်ရှင် - Parasite က အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု အပါအဝင် ဆု ၄ ဆုနဲ့ အများဆုံး သိမ်းပိုက်သွားခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်က ပထမဆုံးစတင်ခဲ့တဲ့ ဒီဆုပေးပွဲကို ကျင်းပလာခဲ့တာဟာ အခုနှစ်မှာတော့ ၁၄ ကြိမ်တိုင်ခဲ့ပြီဖြစ်ကာ မူလက ဘူဆန်မြို့မှာ ကျင်းပဖို့ စီစဉ်ထားခဲ့တာဖြစ်ပေမယ့် ကိုဗစ်-၁၉ ကြောင့် အွန်လိုင်းကသာ ဆုတွေကို ကြေညာခဲ့ရတာ ဖြစ်ပါတယ်။ အခုနှစ်ရဲ့ ဆုပေးပွဲမှာတော့ Parasite ရုပ်ရှင်က ဆန်ခါတင်စာရင်းမှာ ၁၀ ဆုနဲ့ အများဆုံး ဝင်ထားခဲ့ပြီး အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုအပါအဝင် ဇာတ်ညွှန်းဆု၊ တည်းဖြတ်ဆုနဲ့ ထုတ်လုပ်ရေးဒီဇိုင်းဆုတွေကို ရရှိသွားခဲ့ပါတယ်။ အကောင်းဆုံး ဒါရိုက်တာဆုကိုတော့ တရုတ် ရုပ်ရှင်ဒါရိုက်တာ Wang Xiaoshuai က So Long, My Son ရုပ်ရှင်နဲ့ ဆွတ်ခူးရရှိသွားပါတယ်။ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကိုတော့ နာမည်ကြီး ကိုရီးယား သရုပ်ဆောင်မင်းသား Lee Byung-hun က The Man Standing Next နဲ့ ရရှိသွားခဲ့ပြီး အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကိုတော့ တရုတ်အမျိုးသမီးသရုပ်ဆောင် Zhou Dongyu က Better Days အတွက် ချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကိုတော့ ဂျပန်သရုပ်ဆောင်မင်းသား Ryo Kase က To the Ends of the Earth ရုပ်ရှင်နဲ့ ချီးမြှင့်ခံခဲ့ရပြီး အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကိုတော့ ထိုင်ဝမ်သရုပ်ဆောင် မင်းသမီး Ko Shu-chin က A Sun ရုပ်ရှင်ကားနဲ့ ဆွတ်ခူး ရရှိသွားခဲ့တာပါ။ ဒီဆုချီးမြှင့်ပွဲမှာ အကောင်းဆုံး မျက်နှာသစ်ဒါရိုက်တာဆုကိုတော့ ဂျပန်နိုင်ငံသား ဒါရိုက်တာ Hikari က 37 Seconds ရုပ်ရှင်နဲ့ ချီးမြှင့်ခံခဲ့ရတာဖြစ်ပြီး ဆုပေါင်း ၁၆ ဆု ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ မနှစ်က ၁၃ ကြိမ်မြောက် အာရှရုပ်ရှင်ဆုပေးပွဲရဲ့ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုကိုတော့ ဂျပန်ရုပ်ရှင် - Shoplifters က ရရှိထားခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ အခုနှစ်ရဲ့ အကောင်းဆုံးဆုရရှိသူ အနုပညာရှင်တွေစာရင်းနဲ့ ရုပ်ရှင်ကား Trailer တွေကိုတော့ အာရှရုပ်ရှင်ပွဲတော်ရဲ့ တရားဝင်ဝက်ဘ်ဆိုက်ဒ်စာမျက်နှာပေါ်မှာ ယှဉ်တွဲဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up