လူမှုကွန်ရက်က မဲဆွယ်ရာတွင် ထိရောက်မှုမရှိဟု ပါတီအချို့ ပြော
နေလင်းအောင်
·
November 2, 2020
ပါတီ ကိုယ်စားလှယ်လောင်းတွေ လူမှုကွန်ရက်ကနေ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ရာမှာ ထိရောက်မှုမရှိဘူးလို့ နိုင်ငံရေးပါတီတချို့က ပြောပါတယ်။
နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးရေး အပြိုင်အဆိုင် မဲဆွယ်နေကြတာပါ။
ဒါပေမဲ့ ပြီးခဲ့တဲ့ရွေးကောက်ပွဲနဲ့မတူတာဟာ မြန်မာနိုင်ငံမှာ တကျော့ပြန် ကိုဗစ်-၁၉ ကူးစက်မြင့်တက်မှုတွေနဲ့ တိုက်ဆိုင်နေတာကြောင့် နိုင်ငံရေးပါတီတွေအနေနဲ့ လူမှုကွန်ရက်ပေါ်ကနေတဆင့် မဲဆွယ်စည်းရုံးမှုတွေ ပြုလုပ်လာကြတာဖြစ်ပါတယ်။
မဲဆွယ် စည်းရုံးတာတွေ အားနည်းပေမယ့်လည်း ပြည်သူလူထုရဲ့တက်ကြွလှုပ်ရှားမှုက အဓိကဖြစ်တဲ့အတွက် ရွေးကောက်ပွဲကိုတော့ တစုံတရာထိခိုက်မှု မရှိဘူးလို့ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။
ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့်နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမဖြစ်စေဖို့ ညွှန်ကြားချက်၊ ကျင့်ဝတ်၊ လမ်းညွှန်တွေကို အလေးထားလိုက်နာဆောင်ရွက်ဖို့ UEC က ထုတ်ပြန်ထားပါတယ်။
ကမ္ဘာ့ကပ်ရောဂါကြောင့် လူမှုကွန်ရက် အသုံးပြပြီး မဲဆွယ်စည်းရုံးမှုတွေ လုပ်ဆောင်ရတာဟာ မြေပြင်ဆင်းပြီး မဲဆွယ်စည်းရုံးရတာထက် အများကြီးကွာတယ်လို့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောပါတယ်။
ကိုဗစ်ရောဂါကာကွယ်ရေးအတွက် သတ်မှတ်ချက်စည်းကမ်းချက်တွေဟာ နိုင်ငံရေးပါတီစည်းရုံးရေးတွေကို အဟန့်အတားဖြစ်နေတယ်လို့ နိုင်ငံရေးပါတီအများစုက ပြောဆိုထားပါတယ်။
အခုလို လူမှုကွန်ရက်ပေါ်ကနေတဆင့် မဲဆွယ်စည်းရုံးရေးလုပ်ရတာဟာ ကုန်ကျစရိတ်တော့ သိပ်မရှိပါဘူး။ ဒါပေမဲ့မြန်မာနိုင်ငံမှာ အွန်လိုင်းသုံးစွဲသူအနေအထားအရ လူဦးရေများတာမှန်ပေမယ့် လူတိုင်းဆီကိုတော့ ကိုယ်သွားချင်တဲ့ မက်ဆေ့ရောက်နိုင်မှုက အားနည်းနေတယ်လို့ USDP ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောပါတယ်။
လာမယ့်နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်နယ် နဲ့ တိုင်းဒေသကြီးမဲဆန္ဒနယ် ၁,၁၅၇ နယ်မြေအတွက် ပါတီ ၉၁ ပါတီက ပါတီကိုယ်စားပြုနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်ပေါင်း ၅၈၃၉ ဦး ပါဝင်ယှဉ်ပြိုင်ကြမှာပါ။
တနိုင်ငံလုံးအတိုင်းအတာနဲ့ မဲရုံပေါင်း ၄,၁၀၀၀၀ ဝန်းကျင်အတွက် မဲရုံဝန်ထမ်း ၄,၁၀၀၀၀ တာဝန်ယူမှာဖြစ်ပြီး မဲပေးမယ့်သူပေါင်းကတော့ ၃၇ သန်းကျော်ရှိမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။