မွန်တွင် ကိုဗစ်-၁၉ လူနာသစ် ၁၄ ဦး ထပ်တွေ့၊ ၈၈ နှစ်အရွယ် အဘွားအို ၁ ဦးပါဝင်
DVB
·
October 28, 2020
မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၄ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အောက်တိုဘာ ၂၇ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
မော်လမြိုင်မြို့နယ်က ၁၀ ဦး၊ ပေါင်မြို့နယ် ၃ ဦး၊ သထုံမြို့နယ် ၁ ဦး စုစုပေါင်း ၁၄ ဦး ရောဂါပိုး ထပ်မံကူးစက်ခံလိုက်ရတာ ဖြစ်ပါတယ်။
ရောဂါပိုး တွေ့ရှိခဲ့တဲ့ အတည်ပြုလူနာ ၁၃ ဦးဟာ မော်လမြိုင် တက္ကသိုလ်ရှိ အသွားအလာ ကန့်သတ်ထားတဲ့ ကွာရန်တင်း camp တွေမှာ စောင့်ကြည့်ထားတဲ့သူတွေ ဖြစ်ပြီး ကျန် ၁ ဦးကတော့ ကျိုက်ထိုမြို့နယ်ရှိ စစ်တောင်းတံတား စစ်ဆေးရေးဂိတ်မှာ ရောဂါပိုးစစ်ဆေးရာမှ ကိုဗစ်ပိုး တွေ့ရှိခဲ့တာပါ။
ရောဂါပိုးတွေ့ရှိသူထဲမှာ မော်လမြိုင်က အသက် ၈၈ နှစ်အရွယ် အဘွားအို ၁ ဦး ပါဝင်လာပါတယ်။
လက်ရှိမှာတော့ ကိုဗစ်အတည်ပြုလူနာ အားလုံးကို မော်လမြိုင်ပြည်သူ့ဆေးရုံကို ပြောင်းရွှေ့ပေးထားပြီးလို့ မွန်ပြည်နယ် လူမှုကယ်ဆယ်ရေးအဖွဲ့ ဒုဥက္ကဋ္ဌ ကိုဇင်မိုးက ပြောပါတယ်။
မွန်ပြည်နယ်မှာတော့ အောက်တိုဘာ ၂၈ ရက်နေ့ မနက်ပိုင်းအထိ ကိုဗစ်အတည်ပြုလူနာ ၆၅၆ ဦးအထိ ရှိလာခဲ့တာပါ။