Home
မြန်မာသတင်း
ရွေးကောက်ပွဲတွင် လွတ်လပ်စွာမဲပေးခွင့်နှင့်ထိခိုက်အနှောင့်အယှက်ပေးနိုင်မှုစစ်တမ်း ဦးဇော်ဌေး ရှင်းလင်း
နေဖြိုးဝင်း
·
October 24, 2020
ရွေးကောက်ပွဲမှာ လွတ်လပ်စွာမဲပေးပိုင်ခွင့်နဲ့ ထိခိုက်အနှောင့်အယှက်ပေးလာနိုင်တာတွေမှာ ကိုဗစ်-၁၉ က တနိုင်ငံလုံးရဲ့ သဘောထား စစ်တမ်းအရ ၄၆ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ပြီး ပါတီတွေရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးတွေနဲ့ ဒေသတွင်းမတည်ငြိမ်မှုတွေက ၁၃ ရာခိုင်နှုန်းစီနဲ့ ဒုတိယအများဆုံးဖြစ်တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ သတင်းမှားကောလာဟလနဲ့ ဘာသာရေး၊ လူမျိုးရေး အနှောင့်အယှက်တွေ ပိုမိုမြင့်တက်လာတယ်လို့ ဆိုပါတယ်။ အောက်တိုဘာ ၂၃ ရက်နေ့က ပြုလုပ်တဲ့ သမ္မတအိမ်တော် ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးပြောရေးဆို ခွင့်ရှိသူ ဦးဇော်ဌေးက အခုလိုပြောတာပါ။ ဇူလိုင်ကနေ စက်တင်ဘာထိ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆက်စပ်တဲ့ အကြမ်းဖက်မှုတွေ၊ ပါတီတွေရဲ့ ဆိုင်းဘုတ်ဖျက်ဆီးခံရတာတွေ၊ ရွေးကောက်ပွဲမှာ လူထုကို ဘယ်အရာတွေက အနှောင့်အယှက်ဖြစ်လဲဆိုတဲ့ လူထုစစ်တမ်းကောက်ယူချက်တွေအရ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ တချို့အချက်တွေ မြင့်တက်လာတယ်လို့ ဆိုပါတယ်။ အစိုးရနဲ့ UEC အပေါ်ယုံကြည်မှုကနေ ဖြစ်လာနိုင်တာ ၇ ရာခိုင်နှုန်း၊ ကြိုတင်မဲပေးတဲ့ ကိစ္စနဲ့ပတ်သက်လို့ ၆ ရာခိုင်နှုန်း၊ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးလုပ်ငန်းစဉ်တွေရဲ့ အားနည်းချက်တွေကြောင့် ၄ ရာခိုင်နှုန်း၊ သတင်းမှားတွေ ကောလာဟလတွေ၊ မဟုတ်မမှန်တာတွေ ဖြန့်တာက ၃ ရာခိုင်နှုန်း၊ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲအပေါ် အသိပညာအားနည်းတာ ၃ ရာခိုင်နှုန်း၊ လူမျိုးရေးဘာသာရေးနဲ့ပတ်သက်ပြီး ဖြစ်လာနိုင်တဲ့ အနှောင့်အယှက်က ၃ ရာခိုင်နှုန်းနဲ့ မဲစာရင်း မမှန်ကန်မှုက ၂ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။ “ဒါတွေနဲ့ပတ်သက်ပြီး တင်ပြရတဲ့ရည်ရွယ်ချက်က ဒီလိုမျိုးဖြစ်စဉ်ဖြစ်ရပ်တွေ များလာတဲ့အတွက် သမ္မတရုံးကနေ အမိန့်ထုတ်ထားပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ လူထုရဲ့အခွင့်အရေးတွေကို ပုံစံအမျိုးမျိုးနဲ့ အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်ခြင်း၊ အသွင်အမျိုးမျိုးနဲ့ ဘာသာရေး၊ လူမျိုးရေးအကြောင်းပြပြီး စည်းရုံးခြင်း၊ ဆူပူမှုဖြစ်အောင် ဖန်တီးခြင်း၊ ရပ်ရွာအေးချမ်းသာယာရေး ပျက်ပြားအောင် ကြံဆောင်ခြင်း၊ ဒီလို တရားမဲ့ပြုကျင့်မှုတွေ ဖြစ်လာရင် သက်ဆိုင်ရာတာဝန်ရှိတဲ့ အဖွဲ့အစည်းတွေ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ၊ တိုင်းနဲ့ ပြည်နယ်အစိုးရတွေက တည်ဆဲဥပဒေနဲ့ ထိရောက်စွာ အရေးယူဖို့ ဒါက အပြတ်ပြောထားတာဖြစ်ပါတယ်။ ဒီဟာတွေကို ထုတ်ပြန်ရခြင်း အကြောင်းရင်းက ရွေးကောက်ပွဲနီးကပ်လာတာနဲ့အမျှ လူထုကြားမှာ စစ်တမ်းအရ တချို့ဟာတွေက ပိုပြီးများလာတာတွေ့ရှိရပါတယ်” လို့ ဦးဇော်ဌေးက ပြောပါတယ်။ ဒါ့အပြင် စစ်တမ်းအရ ရွေးကောက်ပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့စပ်ဆက်တဲ့ အကြမ်းဖက်တွေမှာလည်း ရှမ်းပြည်နယ်အတွင်းမှာ အများဆုံးရှိပြီး မွန်ပြည်နယ်နဲ့ တနင်္သာရီမှာတော့ မရှိဘူးလို့ သိရပါတယ်။ “ချင်းပြည်နယ်မှာဆိုရင် ဒီလိုမျိုး ဖြစ်လာနိုင်ခြေအလားအလာ ၈ ရာခိုင်နှုန်းလို့ ချင်းပြည်နယ်လူထုက ဖော်ပြပါတယ်။ ကချင်ပြည်နယ်မှာဆိုရင် ၁၄ ရာခိိုင်နှုန်း၊ ကယားပြည်နယ်မှာဆိုရင် ၈ ရာခိုင်နှုန်း၊ ကရင်ပြည်နယ်မှာ ၁၄ ရာခိုင်နှုန်း၊ နောက် ရခိုင်ပြည်နယ်မှာတော့ ၁၃ ရာခိုင်နှုန်း၊ ရှမ်းမြောက်မှာ ၂၀ ရာခိုင်နှုန်း၊ ရှမ်းအရှေ့ ၂၄ ရာခိုင်နှုန်း၊ ရှမ်းတောင် ၂၆ ရာခိုင်နှုန်း၊ ပဲခူးအရှေ့က ၁၃ ရာခိုင်နှုန်း၊ စသဖြင့်ပေါ့။ ဒါက လူထုရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့ လက်နက်ကိုင်အဖွဲ့အစည်းတွေက နေပြီးတော့ ဆက်စပ်တဲ့ အကြမ်းဖက်မှုတွေ ဘယ်လောက်ထိ ဖြစ်လာနိုင်လဲဆိုတဲ့ ရာခိုင်နှုန်းဖြစ်ပါတယ် ” လို့ ဆိုပါတယ်။ ရွေးကောက်ပွဲအကြိုကာလအပြင် နီးလာတာနဲ့အမျှ နိုင်ငံရေးပါတီတွေ ဆိုင်းဘုတ်တွေ အဖျက်ခံရတာမှာ NLD ပါတီက တနိုင်ငံလုံးအတိုင်းအတာနဲ့ အများဆုံးဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ SNLD ပါတီ၊ တအောင်းပလောဝ် ပါတီတွေရဲ့ ဆိုင်းဘုတ်တွေလည်း ဖျက်ဆီးခံရတွေ ရှိတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024