မြင်းခြံခရိုင် ကျေးရွာများတွင် မဲပေးနည်း အသိပညာပေး
DVB
·
October 23, 2020
မန္တလေးတိုင်း၊ မြင်းခြံခရိုင် ကျေးရွာတွေက မဲဆန္ဒရှင်ပြည်သူတွေကို မဲပေးနည်း အသိပညာပေးတာတွေ လိုက်လံပြုလုပ်နေတယ်လို့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေရဲ့ ကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။
ကိုဗစ်ကာလ ကျေးရွာတွေမှာ တအိမ်တက်ဆင်း ကိုယ်တတ်နိုင်သလောက် မဲပေးပုံပေးနည်းလေးတွေကို အဓိကထားပြီး ရှင်းပြတာတွေ လုပ်နေတယ်လို့ ပြည်သူ့ရှေ့ဆောင်ပါတီ တိုင်းဒေသကြီး ၁ လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုအောင်ရဲထွန်းက ပြောပါတယ်။
“ကျနော်တို့ ကျေးလက်နေ ပြည်သူတွေတော်တော်များများဟာ မဲဆန္ဒက ဘယ်နှမဲပေးရမလဲဆိုတာ ရှင်းလင်းစွာမသိကြဘူး။ ပြီးတော့ ကျနော် အခုယှဉ်ပြိုင်တဲ့ မြင်းခြံမြို့နယ်တိုင်းဒေသကြီး ၁ မှာတော့ ကျေးရွာပေါင်း ၉၈ ရွာရှိပြီး ရပ်ကွက် ၁၁ ရပ်ကွက်ရှိတယ်။ အဲ့မှာတော့ ကျနော်တဝက်ကျော်ကျော်လောက်ပြီးသွားပြီ။”
မြင်းခြံမြို့နယ်မှာတော့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေလို့ ထင်သလောက် မဲဆွယ်စည်းရုံးရေးကို မလုပ်နိုင်ဘူးလို့ မြင်းခြံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးဝေမျိုးဟန်က ပြောပါတယ်။
“ကိုဗစ်ကာလမှာ မဲဆွယ်စည်းရုံးရေးနဲ့ပတ်သက်ပြီး အခက်အခဲအနေနဲ့ ဟောပြောပွဲတွေကို လူစုလူဝေးနဲ့အများကြီးမလုပ်ရဘူးဖြစ်တဲ့အတွက် တစ်ချို့ရွာတွေမှာ အပိုင်းလေးတွေခွဲပြီးတော့ လုပ်ရတာမျိုးလေးတွေ ရှိခဲ့ပါတယ်၊ ကျေးရွာပေါင်း ၁၈၈ ရွာရှိပြီး ရပ်ကွက် ၂၄ ရပ်ကွက်ရှိပါတယ်။ ရပ်ကွက် ၆ ရပ်ကွက်နဲ့ကျေးရွာပေါင်း ၅၀ ကျော်လောက်ထိပြီးသွားပြီ။”
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ကိုယ်စာလှယ် ၃ ဦးစလုံးကို မဲထည့်ရမယ်ဆိုတဲ့အကြောင်းတွေ ရှင်းပြတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ကိုယ့်ရဲ့ပါတီကိုယ်စားလှယ်လောင်းတွေက ဘယ်နေရာမှာရှိတယ်ဆိုတဲ့အကြောင်းတွေကို သရုပ်ပြလုပ်ပြပြီး အစမ်းတံဆိပ်တုံးထုပြသလို ပြည်သူတွေကိုယ်တိုင်လည်း အစမ်းတစ်ဆိပ်တုံးထုစေပြီး မဲဆန္ဒရှင်ပြည်သူတွေကို မဲပေးပုံမဲပေးနည်းဘယ်လိုဆိုတာသိအောင် လုပ်ဆောင်သွားမယ်လို့ ဦးဝေမျိုးဟန်ကပြောပါတယ်။
မြင်းခြံခရိုင်မှာ ဆန္ဒမဲပေးဖို့အတွက် မဲရုံပေါင်း ၉၆၀ ပြင်ဆင်ထားကာ ဆန္ဒမဲပေးနိုင်သူ ဦးရေ ၆၉၀,၀၀၀ ကျော်ရှိပြီး ပါတီ ၆ ပါတီက ကိုယ်စားလှယ်လောင်း ၅၁ ဦး ဝင်ပြိုင်ကြမယ်လို့ သိရပါတယ်။