တရုတ်ထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး မဝယ်ဟု ဘရာဇီးသမ္မတ ပြော

တရုတ်ဆေးကုမ္ပဏီ စီနိုဗက်ရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဝယ်မှာ မဟုတ်ဘူးလို့ ဘရာဇီး သမ္မတ ဂျရဲဘော်ဆိုနာရိုက အောက်တိုဘာ ၂၁ ရက်မှာ ပြောလိုက်ပါတယ်။  သမ္မတ ဘော်ဆိုနာရို ပြောဆိုချက်ဟာ ကျန်းမာရေးဝန်ကြီး ပြောဆိုတာနဲ့ ကွဲလွဲနေပါတယ်။ ဘရာဇီးကျန်းမာရေးဝန်ကြီးက နိုင်ငံရဲ့ ကိုဗစ်ကာကွယ်ဆေး ထိုးနှံရေးအစီအစဉ်မှာ စီနိုဗက်လည်း ပါဝင်တယ်လို့ အောက်တိုဘာ ၂၀ ရက်က ပြောဆိုခဲ့ပါတယ်။ ဆော်ပေါ်လိုပြည်နယ်က ဘူတန်တန် ဇီဝဆေးဝါးသုတေသနစင်တာမှာလည်း စီနိုဗက် ကာကွယ်ဆေးကို စမ်းသပ်နေတာပါ။  ဒါပေမဲ့ ဘော်ဆိုနာရိုကတော့ စည်းမျဉ်းဆိုင်ရာ ခွင့်ပြုချက် မပေးမချင်း ကာကွယ်ဆေး အားလုံးကို ပယ်ချတယ်လို့ ထပ်လောင်းပြောဆိုခဲ့ပါတယ်။  အမေရိကန်သမ္မတ ထရမ့်နဲ့ တဖြည်းဖြည်း တူလာတဲ့  လက်ယာယိမ်း ဘရာဇီးသမ္မတ ဘော်ဆိုနာရိုဟာ အရင်ကလည်း  တရုတ်နိုင်ငံနဲ့ပတ်သက်လို့ ချိုးချိုးဖဲ့ဖဲ့ ပြောဖူးပါတယ်။  ဘရာဇီးသမ္မတ ပြောဆိုချက်နဲ့ပတ်သက်လို့ တရုတ်ဆေးကုမ္ပဏီ စီနိုဗက်က ချက်ချင်း တုံ့ပြန်တာမျိုး မလုပ်ခဲ့ပါဘူး။  ဘူတန်တန် ဇီဝဆေးဝါးသုတေသနစင်တာ ညွှန်မှူးကတော့ ဖက်ဒရယ်အစိုးရရဲ့ ကာကွယ်ဆေး အစီအစဉ်မှာ မပါဝင်ရင်တောင် စီနိုဗက်ကာကွယ်ဆေး အလုံးရေ  ၄၆ သန်းကို  ဆက်ပြီး ထုတ်လုပ်ဖြန့်ချိသွားမယ်လို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။    

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up