Homeမြန်မာသတင်း
ကျောက်မဲရှိ စစ်ဘေးရှောင်များကို ကူညီပေးရန် ရှမ်းပြည်နယ်အစိုးရထံ လွှတ်တော်အမတ်များ တောင်းဆို
ကျောက်မဲရှိ စစ်ဘေးရှောင်များကို ကူညီပေးရန် ရှမ်းပြည်နယ်အစိုးရထံ လွှတ်တော်အမတ်များ တောင်းဆို
နန်းမြနဒီ
·
October 14, 2020
ရှမ်းပြည်နယ်အစိုးရအနေနဲ့ ကျောက်မဲခရိုင်ထဲက စစ်ဘေးရှောင်ပြည်သူတွေကို လိုအပ်တဲ့အကူအညီတွေ အမြန်ဆုံး ထောက်ပံ့ကူညီပေးဖို့ လွှတ်တော်အမတ်တွေက တောင်းဆိုလိုက်ပါတယ်။
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်ထဲမှာ ပြီးခဲ့တဲ့အပတ်က RCSS- SSA ရှမ်းပြည်တပ်မတော်နဲ့ မြန်မာ့တပ်မတော်တို့အကြား ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် ရွာသားတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်း ရှောင်နေရတာမှာ ဒီကနေ့ထိ တိုက်ပွဲရှောင်ရွာသားပေါင်း ၃၅၀၀ ကျော်ရှိနေပြီး စားနပ်ရိက္ခာနဲ့တခြား အကူအညီတွေလိုအပ်နေတာပါ။
ပြည်သူတွေလိုအပ်တဲ့အကူအညီတွေ အမြန်ဆုံး ထောက်ပံ့ပေးစေချင်လို့ ကျောက်မဲက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁ ဦး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ၁ ဦးနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂ ဦးတို့ပေါင်းပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့ နေ့စွဲနဲ့ ရှမ်းပြည်အစိုးရဆီ စာပို့ တိုက်တွန်းခဲ့တာပါ။
ဒါပေမဲ့ ဒီနေ့ထိတော့ ရှမ်းပြည်နယ်အစိုးရဆီက တစုံတရာအကြောင်းပြန်လာတာ မရှိသေးဘူးလို့ စာပေးပို့တဲ့ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရသူတွေရှိသလို အိုးအိမ်ပစ္စည်း ပျက်စီးဆုံးရှုံးမှုတွေရှိနေတာကြောင့် ရှမ်းပြည်နယ်အစိုးရအနေနဲ့ တာဝန်ယူ ဖြေရှင်းပေးဖို့ ကျောက်မဲခရိုင်က လွှတ်တော်အမတ်တွေ စုပေါင်းပြီး တောင်းဆိုတာလို့ ကျောက်မဲမြို့နယ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်က ဒီဗွီဘီကို ပြောပါတယ်။
“တိုက်ပွဲကြောင့် ရွာသားတွေ လူ့အခွင့်အရေးတွေဆုံးရှုံးနေရတယ်။ ဒီအကြောင်းအရာကို ရှမ်းပြည်အစိုးရကိုသိစေချင်တယ်။ ပြီးတော့ တာဝန်အရ ပြည်သူကို ရွာသားတွေကို ကူညီထောက်ပံ့ ပေးစေချင်တယ်။ တိုက်ပွဲဖြစ်တော့ ရွာသားတွေမှာ ထွက်ပြေးတိမ်းရှောင်နေရတာနဲ့ပဲ စားဝတ်နေရေးအတွက် အလုပ်ကောင်းကောင်းမလုပ်နိုင်ဘူး။ ရှမ်းပြည်အစိုးရအနေနဲ့ တိုက်ပွဲ တွေမဖြစ်အောင် တားဆီးပေးစေချင်တယ်။”
တိုက်ပွဲရှောင်ပြည်သူ ၃၅၀၀ ကျော်ဟာ လတ်တလော ဘုန်းတော်ကြီးကျောင်း ၇ ကျောင်းမှာ ဝင်ရောက်ခိုလှုံနေကြပြီး သူတို့ စားရေးသောက်ရေးအတွက် အနီးအနား ပတ်ဝန်းကျင် မြို့နယ်က ပရဟိတအဖွဲ့၊ စေတနာရှင်တွေရဲ့ လှူဒါန်းမှုနဲ့ ရပ်တည်နေရတယ်လို့ ဆိုပါတယ်။
ကျောက်မဲမှာဖြစ်ပွါးနေတဲ့ ပစ်ခတ်မှုတွေရပ်သွားအောင် အမြန်ဆုံးလာရောက် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးဖို့ ပုံဝိုးကျေးရွာအုပ်စုတိုက်ပွဲရှောင်ပြည်သူတွေအနေနဲ့ JMC ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေး ကော်မတီကို အောက်တိုဘာ ၁၁ ရက်နေ့ နေ့စွဲနဲ့ စာပေးပို့ထားပါတယ်။
ကျောက်မဲမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့ကစတဲ့ ပစ်ခတ်မှုတွေကြောင့် ပုံဝိုး၊ နားအော်၊ နမ့်မဟင်၊ ခန့်ခဲ၊ ကုန်းဟတ်၊ နားချိမ်၊ လုံဝယ်၊ ကုန်းစုံ၊ နောင်ဆိမ်၊ နားအော်၊ မန်ထမ်စတဲ့ ကျေးရွာက ရွာသားတွေ ဘုန်းကြီးကျောင်းမှာ သွားနေနေရပြီး လူတွေစုနေရတာ ကြောင့် ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်တွေလည်း မလိုက်နာနိုင်တော့ဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ဒေသထဲ ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်နေပါက ရွာသားတွေရဲ့ နေ့စဉ် အသက်မွေးဝမ်းကျောင်းမှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စီးပွားရေးနဲ့ ကျန်းမာရေးတွေကိုပါ ထိခိုက်လာနိုင်တယ်လို့ တိုက်ပွဲရှောင်ပြည်သူတွေက ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ- SNLD-MPs Kyaukme