Home
မြန်မာသတင်း
မွန်ပြည်နယ်အတွင်း ပြန်လည်ဝင်ခွင့်ပြု၊ Quarantine စခန်းများတွင် ၁၄ ရက် စောင့်ကြည့်မည်
DVB
·
October 12, 2020
မွန်ပြည်နယ်ကို တခြားတိုင်းနဲ့ ပြည်နယ်ကလာသူတွေ အားလုံးဝင်ခွင့်ပြန်လည် ပေးအပ်လိုက်ပေမယ့် သတ်မှတ်ထားတဲ့ Quarantine စခန်းတွေမှာ ၁၄ ရက်အကြာ စောင့်ကြည့်ပြီး ရောဂါ ရှိ၊ မရှိ နှစ်ကြိမ် စစ်ဆေးခံရဦးမှာ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါပိုး ပြည်တွင်းကူးစက်မှုတွေ မြင့်တက်လာပြီးနောက် စက်တင်ဘာ ၂၅ ရက်နေ့ကစပြီး တခြားတိုင်းနဲ့ပြည်နယ်က လာသူတွေကို ပြည်နယ်အတွင်း ဝင်ခွင့်မပေးဖို့ မွန်ပြည်နယ် အစိုးရအဖွဲ့က ဆုံးဖြတ်ထားတာပါ။ ဒါပေမဲ့ ကုန်စည်စီးဆင်းမှု မပြတ်တောက်ရေးအတွက် ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို ဝင်ခွင့်ပေးအပ်ခဲ့ပါတယ်။ အခုအခါမှာတော့ မွန်ပြည်နယ်ကို တခြားတိုင်းနဲ့ပြည်နယ်က လာသူတွေကို စက်တင်ဘာ ၁၁ ရက်နေ့စပြီး ဝင်ခွင့် ပြန်ပေးလိုက်တာပါ။ ဒါပေမဲ့ ပြည်နယ်အတွင်း ဝင်ရောက်သူ မည်သူမဆို သတ်မှတ်ထားတဲ့ Quarantine စခန်းတွေမှာ ၁၄ ရက်အကြာ စောင့်ကြည့်ခံပြီး ရောဂါပိုး ရှိ မရှိ ၂ ကြိမ် စစ်ဆေးခံရမယ်လို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောပါတယ်။ ဒါအပြင် ပြည်နယ်အတွင်း ဝင်ရောက်သူတွေအနေနဲ့ ၁၄ ရက်ကြာ စောင့်ကြည့်ခံကာ ၂ ကြိမ် စစ်ဆေးပြီး ရောဂါပိုးမတွေ့ရင်လည်း နေအိမ်မှာ ၁ ပတ်အကြာ နေထိုင်ပြီးမှ လှုပ်ရှားသွားလာခွင့် ရရှိမှာ ဖြစ်ပါတယ်။ ပြည်နယ်အတွင်း ဝင်ရောက်လာတဲ့ ကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေဟာ မွန်ပြည်နယ် ၁ ကြိမ် ဝင်တိုင်း Test Kit နဲ့ တခါ စစ်ဆေးခံရတော့မှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ အချိန်တိုအတွင်း သိနိုင်တဲ့ Test Kit နဲ့ စစ်ဆေးပြီးရာမှာ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် ၁၉ ဦးအထိ ရောဂါပိုး တွေ့ရှိထားတယ်လို့ မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးက ပြောပါတယ်။ ဒါ့အပြင် မွန်ပြည်နယ်ကနေ ကရင်နဲ့ တနင်္သာရီတိုင်းကို သွားရောက်မယ့်သူတွေအနေနဲ့ မွန်ပြည်နယ်ကို ဖြတ်ကျော်ရင် လူရှင်းတဲ့ နေရာကလွဲပြီး ဘယ်နေရာမှ နားခွင့်မပေးထားဘူးလို့ ဆိုပါတယ်။ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းကို ရောက်ရင်တော့ အဲဒီတိုင်းနဲ့ပြည်နယ် အစိုးရတွေရဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာရမှာ ဖြစ်ပါတယ်။ မွန်ပြည်နယ်မှာတော့ အောက်တိုဘာ ၁၂ ရက်နေ့ မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၀၀ နီးပါး  ရှိလာခဲ့တာ ဖြစ်ပါတယ်။  သတင်း- ဇော်လွင်ထွဋ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024