ဝေဘာဂီအထူးကုဆေးရုံအတွက် အောက်ဆီဂျင်လှူဒါန်းနိုင် (ဓာတ်ပုံ)
DVB
·
October 7, 2020
ကိုဗစ်-၁၉ ကာကွယ်၊ ကုသ၊ ထိန်းချုပ်နိုင်ရေး ရှေ့တန်းက တာဝန်ထမ်းဆောင်နေတဲ့ ဝေဘာဂီ အထူးကု ဆေးရုံကြီးမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေ အသုံးပြုဖို့ အောက်စီဂျင်အိုး ၁၀၀ လောက် နေ့စဉ် အသုံးပြုနေရတယ်လို့ ဝေဘာဂီ အထူးကု ဆေးရုံကြီးက သိရပါတယ်။
ကိုဗစ် ဒုတိယလှိုင်းမှာ ဝေဘာဂီ အထူးကု ဆေးရုံကြီးမှာ အောက်စီဂျင်အရေးပေါ် လိုအပ်နေလို့ နာရေးကူညီမှုအသင်း (ရန်ကုန်)က နေ့စဉ် အောက်စီဂျင်အိုး (၄၀ မှ ၅၀)အိုးကြား တောင်ဥက္ကလာစက်မှုဇုန်ကနေ သွားရောက်ဝယ်ယူ လှူဒါန်းပေးနေတာဖြစ်ပြီး အလှူရှင်တွေ ထပ်မံလိုအပ်နေတယ်လို့ သိရပါတယ်။
ဒါ့ကြောင့် ဆလင်ဒါအိုးနဲ့ အောက်စီဂျင်ဓာတ်ငွေ့ လှူဒါန်းပေးမယ့် အလှူရှင်တွေကို နာရေးကူညီမှုအသင်းကဖိတ်ခေါ်နေပြီး ဆလင်ဒါအိုး ၁ လုံးကို ကျပ် ၁၈၀,၀၀၀၊ အောက်စီဂျင် ဓာတ်ငွေ့ ၁ လုံးပြန်ဖြည့်လျှင် ကျပ် ၃၀၀၀ ကျသင့်မှာ ဖြစ်ပါတယ်။
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကတော့ ဆေးရုံတွေမှာ အောက်စီဂျင်လိုအပ်ပါက တပ်မတော်အနေနဲ့ ပေးပို့သွားမယ်လို့ ပြောကြားထားပါတယ်။
Photo - Ye Myo Khant / MPA