UDP ပါတီ နေပြည်တော်တွင် လှည့်လည်အင်အားပြ၊ ၇၅ ရာခိုင်နှုန်း အနိုင်ရရန် မျှော်မှန်း
DVB
·
October 7, 2020
နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ပါတီအနေနဲ့ ပြည်ထောင်စုနယ်မြေ နေပြည်တော်မှာ အောက်တိုဘာ ၇ ရက်မနက်က လှည့်လည်အင်အားပြခဲ့ပါတယ်။
ပါတီဥက္ကဋ္ဌ ဦးကျော်မြင့် ထောင်ပြေးမှုနဲ့ မန္တလေးအိုးဘိုထောင်မှာ ဖမ်းဆီးတရားစွဲခံထားရပေမဲ့ နှင်းဆီပါတီအနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပါတီအနေနဲ့ ဥက္ကဋ္ဌအပေါ်မှာ မူတည်နေတာမဟုတ်တဲ့အတွက် ပါတီဥက္ကဋ္ဌရဲ့ ဖြစ်စဉ်မှာ ပါတီရဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ထိခိုက်မှုမရှိဘူးလို့လည်း နှင်းဆီပါတီရဲ့ နေပြည်တော်တိုင်းဦးစီး ဦးထွန်းလင်းကိုက ပြောပါတယ်။
“ကျနော်တို့ဆီမှာက ဥက္ကဋ္ဌကြီးအပေါ် မှီပြီးနေတာမဟုတ်ပါဘူးဗျ။ ကျနော်တို့က ပါတီရဲ့ UDP ပါတီရဲ့ စိတ်ဓာတ်တွေနဲ့ပဲ ပါတီရှိရင် UDP ရှိမယ်။ UDP ရှိရင် ပြည်သူတွေအကုန်လုံးရှိ နေမှာပါ” လို့ ဦးထွန်းလင်းကိုက ပြောပါတယ်။
UDP ပါတီအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း အရေအတွက် ၁၁၄၃ ဦးနဲ့ အာဏာရ အန်အယ်လ်ဒီပါတီပြီးရင် ဒုတိယ ကိုယ်စားလှယ်လောင်း အများဆုံး ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ လာမယ့်ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ၇၅ ရာခိုင်နှုန်းလောက် အနိုင်ရဖို့ မှန်းထားတယ်လို့လည်း တိုင်းဦးစီး ဦးထွန်းလင်းကိုက ပြောပါတယ်။
ဒီနေ့ပြုလုပ်တဲ့ အင်အားပြပွဲကို ဆိုင်ကယ်အစီး ၅၀ လောက် ၊ ကားအစီးရေ ၂၀ လောက် ၊ လူဦးရေ စုစုပေါင်း ၃၀၀ လောက် ပါဝင်အင်အားပြကြပြီး နေပြည်တော် ဒေသအနှံ့ လိုက်လံအင်အားပြ ကြမှာဖြစ်တယ်လို့ ဆိုပါတယ်။
သတင်း - ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)