ဝဲလ်ကော့ အသင်းဟောင်း ဆောက်သမ်တန်ထံ ပြန်လည်ပြောင်းရွှေ့

ဆောက်သမ်တန်သင်းဟာ အဲဗာတန်အသင်းရဲ့ တောင်ပံကစားသမား သီယိုဝဲလ်ကော့ကို အငှားစာချုပ်နဲ့ ခေါ်ယူခဲ့ပါတယ်။  ဒါကြောင့် ဝဲလ်ကော့ဟာ ၁၄ နှစ်အကြာမှာ အသင်းဟောင်း ဆောက်သမ်တန်ကို ပြန်လည်ရောက်ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။  သူဟာ ၂၀၀၀ ပြည့်နှစ်မှာ ဆောက်သမ်တန်အသင်းရဲ့ အကယ်ဒမီကို ရောက်ရှိခဲ့သူဖြစ်ပြီး အသင်းအတွက် အငယ်ဆုံး ပွဲထွက်ကစားသမားအဖြစ်လည်း ၂၀၀၅ ခုနှစ် အသက် ၁၆ နှစ်နဲ့ ၁၄၃ ရက်မှာ ပွဲထွက်ခွင့် ရရှိခဲ့ပါတယ်။ အဲဒီနောက်မှာ သူဟာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။  အခုချိန်မှာတော့ ဝဲလ်ကော့ဟာ အသင်းဟောင်း ဆောက်သမ်တန်ကို တရာသီအငှားနဲ့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဝဲလ်ကော့က “ကျနော့်ကို ကမ်းလှမ်းခဲ့တဲ့ တခြားအသင်းတွေ ရှိခဲ့ပေမဲ့ ဆောက်သမ်တန်က ကျနော့်ကို စိတ်ဝင်စားနေတယ်ဆိုတာနဲ့ ကျနော့်အသင်းဟောင်းကို ရွေးချယ်ခဲ့ပါတယ်။ ဒီအသင်းဟာ ကျနော့်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကျနော့်လုံးသားထဲမှာ ရှိနေပါတယ်”လို့ ပြောပါတယ်။  ဝဲလ်ကော့ဟာ ဆောက်သမ်တန်ကနေ ထွက်ခွာလာခဲ့ပြီးနောက် အာဆင်နယ်အသင်းမှာ ၁၂ နှစ်ကြာ ကစားခဲ့ပြီး ၃၉၇ ပွဲမှာ အသင်းအတွက် ၁၀၈ ဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲဒီနောက် သူဟာ ၂၀၁၈ မှာ အဲဗာတန်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး ၈၅ ပွဲမှာ ၁၁ ဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲဒီနောက် အခုနှစ်နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးအချိန်မှာ အသင်းဟောင်းကို ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။  “ဆောက်သမ်တန်အသင်းနဲ့ ဝဲလ်ကော့တို့ကြားမှာ သမိုင်းကြောင်းတွေ ရှိပါတယ်။ ဒါဟာ ကစားသမားအတွက်ရော အသင်းပရိသတ်တွေအတွက်ပါ ဘယ်လောက် အရေးပါလဲဆိုတာကို ကျနော် သိပါတယ်။ ဒါပေမဲ့ ကျနော့်အတွက် အရေးကြီးဆုံးက အသင်းလူစာရင်းအတွက် အထောက်အကူဖြစ်စေပြီး အသင်းရဲ့တိုက်စစ်ပိုင်းကို တိုးတက်လာစေမယ့် ကစားသမားတစ်ဦးကို ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။" ဆောက်သမ်တန်နည်းပြ ရဲ့ပ်ဟက်ဆန်ဟက်က “ဝဲလ်ကော့ဟာ အရည်အသွေးအားလုံးကို ပိုင်ဆိုင်သူဖြစ်ပြီး ကျနော်တို့အသင်း ကစားဟန်နဲ့ ကိုက်ညီတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့အတွေ့အကြုံနဲ့ လွှမ်းမိုးမှုတွေဟာ အသင်းရဲ့ လူငယ်ကစားသမားတွေအတွက် အရေးပါတဲ့အရာ ဖြစ်လာပါလိမ့်မယ်”  ပြောပါတယ်။ ဝဲလ်ကော့ဟာ လာမယ့် အောက်တိုဘာ ၁၇ ရက် ဆောက်သမ်တန်အသင်းနဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ ပွဲစဉ်မှာ အသင်းသစ်အတွက် ပထမဆုံး ပွဲထွက်ခွင့်ရရှိဖွယ် ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up