အစိုးရမီဒီယာကလွှင့်မည့် ပါတီအကြောင်း ပြောမည့်အစီအစဉ်တွင် မပါတော့ဟု ချင်းပါတီကြေညာ
DVB
·
October 4, 2020
မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား တီဗွီ ရေဒီယိုတို့ကနေ ထုတ်လွှင့်မယ့် ပါတီမူဝါဒ သဘောထား လုပ်ငန်းစဉ်ပါ စာသားတချို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြင်ဆင် ပယ်ဖျက်ခိုင်းခဲ့တာကြောင့် ဟောပြောမယ့်အစီအစဉ်မှာ မပါဝင်တော့ဘူးလို့ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာပါတယ်။
ရွေးကောက်ပွဲ မဲဆွယ်မိန့်ခွန်းအဖြစ် ဟောပြောမယ့် ပါတီရဲ့ ပါတီမူဝါဒ သဘောထား လုပ်ငန်းစဉ်ပါအချက်တချို့ဟာ ရေဒီယိုနဲ့ ရုပ်မြင်သံကြားမှာ ထုတ်လွှင့်ရမှာနဲ့ မဆီလျော် မညီညွတ်တာကြောင့် ပြင်ဆင်ပယ်ဖျက်ပြီး ဟောပြောဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အကြောင်းကြားလာတယ်လို့ ဆိုပါတယ်။
အဲဒီပယ်ဖျက်ပြင်ဆင်ခိုင်းတာတွေဟာ ချင်းလူမျိုးတရပ်လုံးအတွက် မဖြစ်မနေ ကြိုးပမ်းရမယ့် ပါတီအနေနဲ့ အဓိက လက်စွဲထားတာတွေ ဖြစ်တယ်လို့ ပါတီက ထုတ်ပြန်ပါတယ်။
ဒါတွေကို ပယ်ဖျက်ပြီး ဟောပြောရမယ်ဆိုရင် အနှစ်သာရမရှိဘဲ ဟန်ပြသက်သက် ဟောပြောတာပဲ ဖြစ်နေပြီး အခုလိုလုပ်ခိုင်းတာကလည်း ဒီမိုကရေစီ စံညွှန်းတွေနဲ့ လုံးဝ ဆန့်ကျင်နေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် နိုင်ငံပိုင်ရုပ်သံ ရေဒီယိုတို့ကနေ ရိုက်ကူးဟောပြောမှာ မဟုတ်တဲ့အကြောင်းနဲ့ ကော်မရှင်ရဲ့ အခုလုပ်ရပ်ကိုလည်း လုံးဝ ရှုတ်ချတယ်လို့ ထုတ်ပြန်ထားပါတယ်။
နိုင်ငံပိုင်ရုပ်သံကနေ ဟောပြောရာမှာ ဆင်ဆာဖြတ်တောက်ခံရတာတွေ ရှိနေပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်နဲ့ ဓနုအမျိုးသားအဖွဲ့ချုပ်တို့ကလည်း မဲဆွယ်မိန့်ခွန်း ရိုက်ကူးရေး မလုပ်တော့ဘူးလို့ ပြောထားပါတယ်။