Home
မြန်မာသတင်း
ဖရူဆိုမြို့နယ်က တောင်သူ ၂၈ ဦး နေအိမ်ဖျက်ဆီးခံရမည့်အရေး ကြုံတွေ့နေ 
နော်နိုရင်း
·
September 25, 2020
လူနေအိမ်ဆောက်လုပ်ခွင့်မရှိတဲ့ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ ၇ ရထားတဲ့ မြေပေါ်မှာ နေအိမ်တည်ဆောက်လို့ဆိုပြီး ဒေါကူလယ်ကျေးရွာက တောင်သူ ၈ ဦး အပါအဝင် ဖရူဆိုမြို့နယ်အတွင်းက တောင်သူ  ၂၈ ဦးဟာ နေအိမ်ဖျက်ဆီးခံရမယ့် အရေးကြုံတွေ့နေရပါတယ်။  ကယားပြည်နယ် ဖရူဆိုမြို့နယ် ဒေါကူလယ်ကျေးရွာက တောင်သူ ၈ ဦးကတော့ သူတို့ဘိုးဘွားပိုင် မြေနေရာမှာပဲ နေအိမ်ဆောက်ခဲ့ကြတာဖြစ်ပေမဲ့ သူတို့မြေဟာ မြေပုံစံ ၇ သာပေါက်တဲ့ မြေအမျိုးအစားဖြစ်တဲ့ အတွက် တခြားမြေအသုံးပြုခွင့်အတွက် ပြန်လည်လျှောက်ထားဖို့ သက်ဆိုင်ရာ လယ်ယာမြေ စံမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက လာရောက် အကြောင်းကြားထားပါတယ်။  တကယ်တမ်းတော့ သူတို့တွေဟာ မြေပုံစံ ၇ လျှောက်ခဲ့တုန်းက သူတို့မသိခဲ့သလို မြေစာရင်းက သူတို့ဘာသာလာတိုင်းပြီး လုပ်ဆောင်ခဲ့တဲ့အတွက်  သူတို့အနေနဲ့ မသိခဲ့ရကြောင်း  အသိပေးစာရရှိတဲ့ ဒေါကူလယ်ရွာသူ  ဒေါ်နော်ခူးလယ်က ပြောပါတယ်။ “ မြေပုံစံခွန်လျှောက်တဲ့အချိန်က သူတို့လာတိုင်းတဲ့လူက တိုင်းမှားသွားတယ်။ ရွာထဲကသွား ညွန်းတဲ့ လူကလည်း ဘယ်သူလုပ်စားလဲဆိုတာ သေသေချာချာမသိဘဲနဲ့ အဲလိုလျှောက်တိုင်းသွားပေးတယ်။ ကျမတို့ဟာပဲမှားတာမဟုတ်ဘူး။ တခြားလူဟာလည်း အများကြီးမှားတယ်။ ” မြေပုံစံ (၇) ရဖို့ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်က မြေစာရင်းက တိုင်းသွားခဲ့တာဖြစ်ပြီး အဲဒီနှစ်  ဧပြီလလောက်မှာပဲ ပုံစံ ၇ ရရှိခဲ့တာလို့ဆိုပါတယ်။ ဒါပေမဲ့ အဲဒီမြေဟာ သူနာမည်နဲ့ မဟုတ်ဘဲ တခြားရွာမှာရှိတဲ့ အမျိုးသမီးတယောက်ရဲ့ နာမည်ပေါက်နေတယ်လို့ဆိုပါတယ်။  အခုဆိုရင် အဲဒီမြေပေါ်မှာ အိမ်ဆောက်နေတာ ၄ နှစ်ခန့်ရှိနေပြီး လွန်ခဲ့တဲ့ တပတ်လောက်က မှ အဲမြေမှာ အိမ်ဆောက်ခဲ့လို့ တခြားမြေ အသုံးပြုခွင့်ရရှိအောင် ပြန်လျှောက်ဖို့ စာပေပို့လာသလို ဒဏ်ငွေဆောင်ဖို့နဲ့ မဆောင်ရင် အိမ်ဖျက်မယ်လို့  ပြောဆိုသွားခဲ့ ကြောင်း ပြောပါတယ်။  “အိမ်ဆောက်တာကလည်း အကြောင်းမကြားဘူး။ စာအရင်သွားမတင်ပဲနဲ့ ဆောက်တဲ့အခါကျတော့ ဒဏ်တပ်မယ် အဲလိုတော့ပြောတယ်။ ဒဏ်ဘယ်လောက်တပ်မယ်ဆိုတာ မေးပြန်တော့လည်း ကျမတို့ကို မပြောဘူး။ အဲလိုမျိုးဖြစ်နေတယ်။ နောက်သူက ဘယ်လိုပြောလဲဆိုတော့ တကယ်လို့ အခွန်မဆောင်ဘူး။ စည်းကမ်းချက်တွေ မလိုက်နာဘူးဆိုရင်တော့ စက်တွေ၊ မြေကလော်စက်တွေခေါ်လာပြီးတော့မှ အိမ်လာကလော်ထုတ်မယ်။ အဲလောက်ထိတောင်မှပြောတယ်။ ဒါပေမဲ့ ကျမတို့အတွက် ဘယ်လောက်ထိ ခံစားချက်ရှိလဲဆိုတာ သူတို ကိုယ်ချင်းမစာပေးဘူး။ ” နောက်ထပ် ဒီလိုအသိပေးအကြောင်းကြားစာရရှိတဲ့ ကိုခလူးရယ်ကလည်း သူ့အနေ အသိတ ယောက်ကို သူ့ဘိုးဘွားပိုင်မြေကို လုပ်ကိုင်စားသောက်ခွင့်ပေးခဲ့ပြီး အဲဒီအသိက မြေပုံစံကို လျှောက်ခဲ့ ကြောင်း ပြောပါတယ်။  အခု အဲဒီမြေနေရာပေါ်မှာ သူအိမ်ဆောက်ခဲ့လို အခုလို အသိပေးခံရပြီး သူ့လက်ထဲမှာလည်း မြေပုံစံ ၇ မရှိသလို သူ့နာမည်နဲ့ ပေါက်ထားတာမဟုတ်လို့ အခက်ကြုံနေရပါတယ်။  “ ပုံစံ ၇ က ကျနော်တို့တယောက်မှ မလျှောက်ဘူး။ အရင်က လုပ်စားနေတဲ့လူတွေက သူတို့က လျှောက်လိုက်တယ်။  လျှောက်လိုက်တာတောင်မှ အသိမပေးဘူး။ ဘာမှမသိဘူးပေါ့။ ” အဲဒီမြေပေါ်မှာ သူတို့မောင်နှမတွေ အိမ်ဆောက်လို့ဆိုပြီး အကြောင်းကြားစာပို့ခံရတဲ့အတွက် ဘာဆက်လုပ်ရမှန်းမသိဖြစ်နေတယ်လို့ ဆိုပါတယ်။  “အဲဒါ အောက်ဘက်မှ ကျနော်ညီ၊ အပေါ် ကျဘက်မှာ ကျနော် အိမ်ဆောက်တာ အဲဒီ ၃ လုံးပါသွားတာပေါ့။ ဒီတရားဝင်ပြန်လျှောက်ရမယ်လို့သူတို့ပြောတာ။  ” ဒေါလယ်ကူကျေးရွာမှာ အိမ်ခြေ ပေါင်း ၈၀ ကျော်ရှိပြီး နေအိမ် ၈ လုံးကတော့ မြေပုံစံ ၇ အပေါ်အိမ်ဆောက်ခဲ့လို့ တခြားမြေနေရာအသုံးပြုခွင့်ပြန်လျှောက်ဖို့ သက်ဆိုင်ရာ အကြောင်းကြားလာတာဖြစ်ပါတယ်။  မြေပုံစံ ၇ ပေါ်မှာ အိမ်ဆောက်မှုနဲ့ပတ်သက်ပြီး ၁၈ ကြိမ်မြောက်လွှတ်တော်ကို မေးမြန်းခဲ့ရာမှာ လက်ရှိခေတ္တ ဝန်ကြီးချုပ်ပူးတွဲတာဝန်ယူထားတဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဦးဘော့စ်ကိုက ပုံစံ ၇ ကို ကျူးကျော်သူ ၂၈ ဦးရှိတယ်လို့ ဖြေဆိုခဲ့ကြောင်း ဖရူဆိုမြို့နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသဲရယ်က ပြောပါတယ်။  “ ဒီဟာနဲ့ပတ်သက်တာကတော့ မြေပြင်အခြေအနေမှာတကယ်အမှန်အကန်ဖြစ်သလား ဆိုပြီးကျနော် ဆက်မေးပါတယ်။ အဲဒါကို အစိုးရကဘက်ကနေ ပြီးမှ မြေပြင်အခြေအနေ အမှန်အကန်ဖြစ်အောင် ကွင်းဆင်းပြီးမှ ဆောင်ရွက်ပါမယ်ဆိုပြီးတော့ သူတို့အဲလိုဖြေသွားတယ်။” တောင်သူတွေကို တရားဝင်ဖြစ်အောင်လုပ်ဆောင်ရမယ်လို့ပြေတာ ပြဿနာမဟုတ်ပေမယ့် ဒဏ်ငွေဆောင်ရမယ်ဆိုပြီး နုတ်နဲ့ပြောဆိုတာဟာ မဖြစ်သင့်ကြောင်းလည်း ဦးသဲရယ်က ပြောပါတယ်။  “ ဒဏ်ငွေဆောင်ရမယ်ဆိုတဲ့ကိစ္စလည်း နှုတ်နဲ့ပြောလို့ရသလား၊ တရားဝင်စာထွက်ပေး လို့မရဘူးလားဆိုတာ ကျနော့်အနေနဲ့ကသိချင်ပါတယ်။ နောက်တခု အခုဖြစ်နေတဲ့ဟာက အခုဒဏ်ငွေဆောင်ဖို့ စွပ်စွဲခံရတဲ့ ပုဂ္ဂိုလ်တွေက သူတို့ဆီမှာ ပုံစံ ၇ ပိုင်ဆိုင်ထားတာမရှိဘူး။ ဒါပေမဲ့ အဲဒီမြေကွက်က ပုံစံ ၇ ရှိတယ်ဆိုပြီးတော့ မြေစာရင်းက အဲလိုလာပြောတယ်လို့ သိရတာပေါ့။ နောက်ဒီမြေကလည်း ရွာမြေဖြစ်တဲ့အခါကျတော့ ပုံစံ ၇ လုပ်သင့်မလုပ်သင့် မြေစာရင်းက စဉ်းစားဖို့လိုတယ်။ လွတ်တဲ့မြေကွက် မှန်သမျှ ပုံစံ ၇ လုပ်ရမယ်ဆိုရင် ဒါနောက်ပိုင်း ကျနော်တို့ကျေးရွာအိမ်ခြေတွေ တိုးချဲ့လာတဲ့အခါကျလို့ရှိရင် ဒီလိုပြဿနာ ထပ်ဖြစ်ဦးမှာပဲ။ ” လို့ ဒေါ်နော်ခူးလယ်က ပြောပါတယ်။ ၂၀၁၂ လယ်ယာမြေ ဥပဒေထွက်ပြီးနောက်ပိုင်း ကျေးရွာတွေမှာ ပုံစံ ၇ မဖြစ်မနေ လုပ်ရမယ်ဆိုတဲ့ပုံစံလုပ်လာခဲ့ပြီးနောက်ပိုင်း အခုလို တောင်သူတွေ မြေယာပြဿနာတွေ ဖြစ်လာရတာလို့လည်း ဦးသဲရယ်က ပြောပါတယ်။  ဖရူဆိုမြို့နယ်၊ ထီးပေါ်ဆိုအုပ်စု၊ ငွေတောင်ရွာသစ်ကျေးရွာမှာနေထိုင်တဲ့ ဒေါ်စူးမြာကိုလည်း ၂၀၁၃ခုနှစ်ကတည်းက လယ်ယာမြေပေါ်မှာ အိမ်ဆောက်လုပ်ပြီးနေထိုင်တဲ့အတွက် ပြည်နယ်အစိုးရက ၂၀၁၂လယ်ယာမြေဥပဒေ စည်းမျဉ်းစည်းကမ်းဖောက်ဖျက်မှုနဲ့ ဒဏ်ငွေကျပ်  ၉သိန်း ပေးဆောင်ဖို့ ညွှန်ကြားထားလို့  ပေးဆောင်ခဲ့ရပါတယ်။  လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ (၇)ရရှိထားတဲ့ တောင်သူလယ်သမားတွေဟာ မြေလုပ်ပိုင်ခွင့်လက်မှတ်ပါ စည်းမျဉ်းစည်းကမ်းတွေအရ နေအိမ်ဆောက်လုပ်ခွင့်မရတာကို သိရှိသူနည်းပါးနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024