ပုသိမ်စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံအားလုံး ယာယီပိတ်သိမ်း
DVB
·
September 24, 2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဖွင့်လှစ်ထားတဲ့ အထည်ချုပ်စက်ရုံအားလုံး စက်တင်ဘာလ ၂၅ ရက်နေ့ကစပြီး ယာယီ ပိတ်သိမ်းမယ်လို့ စက်ရုံ တာဝန်ရှိသူတွေက ပြောပါတယ်။
ပုသိမ်စက်မှုဇုန်အတွင်း ဖွင့်လှစ်ထားတဲ့ ဟီရှန်းအထည်ချုပ်စက်ရုံမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ၃ ဦးနဲ့ ဒေါင်းလောင် အထည်ချုပ်စက်ရုံမှာ အတည်ပြုပိုးတွေလူနာ ၁ ဦး ရှိလာပြီးနောက်ပုသိမ်မြို့က အထည်ချုပ်စက်ရုံ အားလုံးကို ၁၄ ရက်ပိတ်ဖို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စက်ရုံတွေကို ညွှန်ကြားခဲ့တာပါ။
မြန်မာနစ်တင်းအထည်ချုပ် စက်ရုံမန်နေဂျာ ဦးသက်နိုင်က "ယာယီပိတ်ဖို့ စာထွက်လာတာက နောက်ကျတော့ ဒီနေ့အလုပ်သမားတွေကို ဆင်းခိုင်း လိုက်ရတယ်၊ မနက်ဖြန်ကစပြီ ပိတ်ပါမယ်၊ အောက်တိုဘာလ ၈ ရက်နေ့မှ ပြန်ဖွင့်မှာပါ"လို့ ပြောပါတယ်။
တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်တဲ့ စက်ရုံများယာယီပိတ်ဖို့ ညွှန်ကြားချက်အမိန့်စာမှာ စက်တင်ဘာ ၂၄ ရက်နေ့ စတတင်ပိတ်သိမ်းသွားဖို့ ပါရှိပြီး တိုင်းအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဒေါက်တာစိုးဝင်း ရဲ့နာမည်နဲ့ လက်မှတ်ကိုယ်စားထိုးပြီး အမိန့် ထုတ်ထားတာကို တွေ့ရပါတယ်။
စက်ရုံတွေယာယီပိတ်သိမ်းဖို့ အမိန့်ညွှန်ကြားစာနဲ့ ပတ်သတ်ပြီး တိုင်းအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဒေါက်တာ စိုးဝင်းကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်း မရှိပါဘူး။
ဟွာပိုတိုင်းစ်အထည်ချုပ်စက်ရုံ မန်နေဂျာ ဒေါ်စုစံဝင်းက "အစ်မတို့ စက်ရုံကိုစာရောက်တာ ဒီနေ့ နေ့လည်မှ ရောက်တာ၊ အားလုံးကို အလုပ်လုပ်နေကြပြီ၊ အလုပ်သမားတွေလည်း ပြန်ဖို့အဆင်မပြေတော့ဘူး၊ အဲ့ဒါကြောင့် မနက်ဖြန်မှ စပိတ်ဖြစ်တော့မယ်"လို့ ပြောပါတယ်။
ပုသိမ်စက်မှုဇုန်အတွင်း အထည်ချုပ်စက်ရုံ ၉ ရုံရှိပြီး အထည်ချုပ်အလုပ်သမား စုစုပေါင်း ၁၄၀၀၀ နီးပါး အလုပ်လုပ်ကိုင်နေတယ်လို့ အလုပ်သမားအချင်းချင်း ရိုင်းပင်းကူညီရေးအဖွဲ့က သိရပါတယ်။
သတင်း - မင်းထက်မုန်း (ပုသိမ်)