ထိုင်း-လာအို နယ်စပ်တွင် စိတ်ကြွမူးယစ်ဆေးပြား ၇ သန်းခန့် ဖမ်းမိ 

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်၊ လာအိုနိုင်ငံနယ်စပ် ကျိန်းခေါင်မြို့နယ်ထဲမှာ စိတ်ကြွမူးယစ်ဆေးပြား ၇ သန်းနီးပါးနဲ့ ခေတမင်းမူးယစ်ဆေး အလေးချိန် ၁၀၀ ကီလိုဂရမ်ကို တာဝန်ရှိသူတွေက မနေ့က  ဖမ်းဆီးရမိခဲ့တယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ ကျိန်းခေါင်မြို့နယ်ထဲမှာ မဲခေါင်မြစ်ကိုဖြတ်ပြီး မူးယစ်ဆေးဝါးအချီကြီး ဝင်ရောက်လာမယ်လို့ ကြိုတင်သတင်းရထားတဲ့အတွက် အမှတ် ၅ တိုင်းဒေသ မူးယစ်ရဲတပ်ဖွဲ့ဝင်နဲ့ ချင်းရိုင်ခရိုင်ရဲ တပ်ဖွဲ့တို့ ပူးပေါင်းပြီး မဲခေါင်မြစ်ကမ်းတလျှောက်မှာ အဖွဲ့ခွဲပြီး စောင့်ကြပ်နေခဲ့ကြပါတယ်။ စက်တင်ဘာ ၂၂ ရက် ညပိုင်းမှာတော့  ကျိန်းခေါင်မြို့နယ် လိမ်းခုန်ကျေးရွာအုပ်စု ကယူကန်ရွာကနေ ဝိန်းကဲန် - ချင်းရိုင်းသွားလမ်းအတိုင်း မောင်းနှင်လာတဲ့ မသင်္ကာဘွယ် အဖြူ ရောင်အီဇူးဇူးဟိုင်းလပ်ကားတစ်စီးကို တွေ့ရလို့ တာဝန်ရှိသူတွေက အဆိုပါကား နောက်ကို မလှမ်းမကမ်းကနေ နောက်ယောင်ခံလိုက်သွားရာမှာ အဆိုပါကားဟာ မဲခေါင်မြစ်ကမ်းရှိ ဆီဒွန်း ချိုင်းကျေးရွာအုပ်စုထဲကို ရှောင်ပြေးသွားတယ်လို့ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောပါတယ်။ တာဝန်ရှိသူတွေဟာ အဆိုပါကားကို အချိန်အတော်ကြာလိုက်လံရှာဖွေခဲ့ကြပြီး နာရီပိုင်းလောက်အကြာမှာတော့  လောင်ဟရွာရှိ လမ်းဘေးတစ်နေရာမှာရပ်ထားတာကိုတွေ့ရပါတယ်။ ကားမောင်းသမားနဲ့ ကားပေါ်လိုက်ပါလာသူတွေကတော့ ထွက်ပြေးသွားကြပြီး အဆိုပါကားကိုစစ်ဆေးရာမှာ မိုးကာနဲ့ဖုံးအုပ်လာတဲ့ ၃၃ စာလုံးပါ အိတ်တွေ တွေ့ရှိပါတယ်။ အထဲမှာ စိတ်ကြွဆေးပြား ၇ သန်းနီးပါးရှိတဲ့အပြင် အပြင်က လက်ဖက်ခြောက်ထုတ်ပုံစံ အထုတ်တွေထဲမှာ ခေတမင်းမူးယစ်ဆေး အလေးချိန် ၁၀၀ ဂရမ်လည်း ဖမ်းဆီးရမိတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။ အဲဒီနောက် တာဝန်ရှိသူတွေက လောင်ဟရွာထဲကနေအိမ်တွေကို လိုက်လံစစ်ဆေးခဲ့ရာမှာ ယာဉ်မောင်းသူနဲ့ အဖော်ဟာ ဘယ်သူဘယ်ဝါဆိုတာ သိရှိခဲ့ပြီး လူကိုဖမ်းဆီးရမိဖို့ ဆက်လက်စုံစမ်းနေပါတယ်။ ကိုးကား- MGROnline

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up