ဘန်ကောက် တော်ဝင်နယ်မြေတွင် ဘုရင်စနစ်ကိုစိန်ခေါ်သည့် မော်ကွန်းပြား ဆန္ဒပြသူများတပ်ဆင်

ထိုင်းဆန္ဒပြသူတွေဟာ မြို့တော်ဘန်ကောက်က တော်ဝင်နန်းတော်နဲ့ မျက်နှာချင်းဆိုင်မှာ ရှိတဲ့ ဆနမ်းလွမ်ကွင်းပြင်ထဲမှာ စည်းမျဉ်းခံဘုရင်စနစ်ကို စိန်ခေါ်တဲ့ အထိမ်းအမှတ် မော်ကွန်း သတ္ထုပြားကို စက်တင်ဘာ ၂၀ ရက်က တပ်ဆင်ခဲ့ပါတယ်။  ဒါဟာ ထိုင်းဘုရင် မဟာဝဂျီရာ လောင်ကွန်ရဲ့ ဘုရင်စနစ်ကို နောက်ဆုံး စိန်ခေါ်မှုပါ။ စစ်အာဏာသိမ်း ခေါင်းဆောင်ဟောင်း ပရာယွတ်သ် ချန်အိုချာကိုပါ ဖယ်ရှားဖို့ ဆန္ဒပြသူ တွေက ဆော်သြခဲ့ကြပါတယ်။  “ဒီနေရာမှာ ပြည်သူတွေဟာ သူတို့ရဲ့ ဆန္ဒတွေကို ဖော်ထုတ်ခဲ့ပြီးပြီ၊ ဒီနိုင်ငံဟာ ပြည်သူ တွေရဲ့ ပိုင်ဆိုင်မှု ဖြစ်တယ်၊ စည်းမျဉ်းခံဘုရင်စနစ်ရဲ့ ပိုင်ဆိုင်မှု မဟုတ်ဘူး၊ သူတို့က ကျနော်တို့ကို လှည့်စားခဲ့ကြတယ်” လို့ ရေးထားတဲ့သတ္ထုပြားကို ဆန္ဒပြသူတွေက တော်ဝင်နယ်မြေလို့ သတ်မှတ်ထားတဲ့ ဆနမ်းလွင် ကွင်းပြင်ထဲမှာ တပ်ဆင်ခဲ့ကြပါတယ်။ တော်ဝင်နန်းတော်နဲ့ ရဲတွေဆီက မှတ်ချက် တစုံတရာ မရသေးပါဘူး။ အစိုးရအဖွဲ့ ပြောခွင့်ရ အာနုချ ဘူရာပါချိုင်စရီက “ရဲတွေက ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်မှာ မဟုတ်ဘူး။ တရားမဝင်တဲ့ မိန့်ခွန်းတွေ စကားတွေ ဟုတ်၊ မဟုတ် ဆုံးဖြတ်တရားစီရင်ဖို့က သူတို့ အလုပ်ပဲ” လို့ ပြောခဲ့ပါတယ်။  လတ်တလောနှစ်တွေအတွင်း အကြီးဆုံး ဆန္ဒပြပွဲကို စက်တင်ဘာ ၁၉ ရက်က သောင်းချီတဲ့ လူတွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ မြေရှင်ပဒေသရာဇ်စနစ် ကျဆုံးပါစေ၊ ပြည်သူတွေ သက်တော်ရှည်ပါစေ စတဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေးရင်း ဘုရင့်အာဏာကို ထိန်းချုပ်ဖို့ ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။  ဒါဟာ ထိုင်းနိုင်ငံသမိုင်းတလျှောက် မပြောကောင်းဘူးလို့ သတ်မှတ်ထားတဲ့ အချက်ပါ။  လက်ရှိဘုရင်ရဲ့ ဖခမည်းတော် ဘုရင်လက်ထက်က ဆနမ်းလွမ်ကွင်းထဲမှာ ဘယ်သူမဆို လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ရှိပြီး အဖမ်းအဆီး မရှိခဲ့ပါဘူး။  ဒီကွင်းဟာ ထိုင်းနိုင်ငံ ရာမမင်းဆက် အဆက်ဆက်က ဘုရင်တွေ၊ မိဘုရားတွေနဲ့ ထိပ်တန်းသားတော်တွေ နတ်ရွာစံချိန် ရုပ်အလောင်းကို မီးသင်္ဂြိုဟ်ကျင်းပရာ သမိုင်းဝင်နေရာ လည်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ တော်ဝင်မိသားစုကို ဝေဖန်စော်ကားတဲ့အမှုဟာ နှစ်ရှည်ထောင်ဒဏ် ကျခံရစေနိုင်တဲ့ lese majeste law ကို ပြဋ္ဌာန်းကျင့်သုံးပါတယ်။  ခုတကြိမ်မှာတော့ ဘုရင့်သြဇာကို ကန့်သတ်ဖို့ ဆန္ဒပြသူတွေကို အဲဒီဥပဒေနဲ့ အရေးမယူဖို့ ဘုရင်က မှာကြားထားတယ်လို့ ဝန်ကြီးချုပ် ပရာယွတ်သ် ချန်အိုချာက အရင်လက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up