လိင်တူရုပ်ရှင်ကားတွင် ရဲအဖြစ် ဟယ်ရီစတိုင်လ်စ် သရုပ်ဆောင်မည်

နာမည်ကျော် တေးဂီတအဖွဲ့တဖွဲ့ဖြစ်တဲ့ One Direction အဖွဲ့က ဟယ်ရီစတိုင်လ်စ်ဟာ လိင်တူရုပ်ရှင်ကားတကားဖြစ်တဲ့ “My Policeman” ရုပ်ရှင်ထဲမှာ ရဲတစ်ဦးအနေနဲ့ ပါဝင်သွားဖို့ ရှိနေပါတယ်။ ဒီရုပ်ရှင်ကတော့ ဗြိတိန်စာရေးဆရာမ Bethan Roberts ရဲ့ ၂၀၁၂ ခုနှစ်က ထုတ်ဝေခဲ့တဲ့ စာအုပ်ကို ရုပ်ရှင်အနေနဲ့ ဒါရိုက်တာ Michael Grandage က ရိုက်ကူးပုံဖော်သွားမှာဖြစ်ပြီး ဇာတ်ညွှန်းပိုင်းကိုတော့ Ron Nyswaner က တာဝန်ယူထားတယ်လို့ သိရပါတယ်။ ထူးခြားတဲ့ သုံးပွင့်ဆိုင်အချစ်ဒရာမာ ရုပ်ရှင်ကားတကားအနေနဲ့ ဖန်တီးထားတဲ့ ဒီ ဇာတ်လမ်းကိုတော့ ဗြိတိန်မှာ လိင်တူချစ်သူတွေကို ဥပဒေနဲ့ တင်းတင်းကျပ်ကျပ် တားမြစ်ထားတဲ့ ၁၉၅၀ ပြည့်လွန်ကာလကို အခြေတည်ထားတာ ဖြစ်ပါတယ်။ Tom က ရဲဝန်ထမ်းတယောက်ဖြစ်ပေမယ့် အမျိုးသားချင်း စိတ်ဝင်စားတဲ့ လိင်တူ ချစ်သူတယောက်ဖြစ်ပြီး သူ့ကို ချစ်ကြိုက်နေတဲ့ Marion ဆိုတဲ့ ကျောင်းဆရာမလေး ရှိ နေခဲ့ပါတယ်။ ဒါပေမဲ့ Tom ကတော့ ပြတိုက်ဝန်ထမ်းအမျိုးသားတယောက်ဖြစ်တဲ့ Patrick နဲ့ ချစ်ကြိုက်နေခဲ့ပါတယ်။ အဲဒီကာလက တင်းကျပ်တဲ့ လူ့အဖွဲ့အစည်းရဲ့ စည်းမျဉ်းတွေကြား ရှင်သန်ရင်း Tom နဲ့ Marion တို့ သမားရိုးကျ လက်ထပ်ခဲ့ကြပြီးချိန်အထိ Tom ဘက်က Patrick နဲ့ မပြတ်သားနိုင်တဲ့အခြေအနေမှာတော့ ဘာတွေဆက်ဖြစ်လာမလဲ၊ ဇနီးဖြစ်တဲ့ Marion ရဲ့ အချစ်၊ မနာလိုဝန်တိုမှုနဲ့ အတ္တအငြိုးအတေးတွေကြား ဖြစ်တည်မှုတွေေကို ကွက်ကွက်ကွင်းကွင်း ပုံဖော်ထားတဲ့ ဇာတ်လမ်းတပုဒ် ဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဟယ်ရီစတိုင်လ်စ်ဟာ နာမည်ကြီး အဆိုပြိုင်ပွဲ တခုဖြစ်တဲ့ The X-Factor မှာ ၂၀၁၀ ပြည့်နှစ်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဂီတလောကထဲကို စတင်ရောက်ရှိလာခဲ့ပြီးနောက် One Direction အဖွဲ့နဲ့အတူ နာမည်ကြီးလာသူပါ။ ၂၀၁၅ ခုနှစ်မှာတော့ အဖွဲ့ထဲက တယောက်ဖြစ်တဲ့ ဇေယန်မလိခ်ဟာ အနုပညာ လှုပ်ရှားမှုတွေကို သီးခြားလုပ်ကိုင်ဖို့အတွက် အဖွဲ့ထဲမှ ခွဲထွက်ခဲ့ပြီးနောက်မှာတော့ One Direction အဖွဲ့အနေနဲ့ အနုပညာလှုပ်ရှားမှုတွေ လုပ်ဆောင်တာတွေ ကျဲသွားခဲ့ပြီး အဖွဲ့ဝင်တွေ သီးခြားလှုပ်ရှားမှုတွေရှိပါတယ်။ ဟယ်ရီစတိုင်လ်စ်ကတော့ သရုပ်ဆောင်အဖြစ်ရော၊ တေးရေး တေးဆိုအဖြစ်ပါ လှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ခုတခါမှာတော့ One Direction အဖွဲ့အနေနဲ့ရော တကိုယ်တော်အနေနဲ့ပါ ထူးချွန်ဆုတွေ ရရှိထားတဲ့ ဟယ်ရီစတိုင်လ်ရဲ့ သရုပ်ဆောင်အနုပညာအစွမ်းကို ပရိသတ်တွေ ရှုစားကြရဦးမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ဟယ်ရီစတိုင်လ်စ်နဲ့အတူ သရုပ်ဆောင်မင်းသမီး လီလီဂျိမ်းမ်စ်က ပါဝင်မှာဖြစ်ပြီး Patrick နေရာမှာ ဘယ်သူပါဝင်လာမလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ လတ်တလောသတင်းတွေအရတော့ ဒီရုပ်ရှင်ကို ဗြိတိန်နိုင်ငံရဲ့ နွေဦးရာသီမှာ စတင်ပြီးတော့ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up