ဆန်အိတ်တင် ၁၂ ဘီးယာဉ် သစ်ပင်ဝင်တိုက်၊ ၁ ဦးသေဆုံး
DVB
·
September 17, 2020
မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ကျီနီကျေးရွာ၊ သူရဲချောင်းတံတားအနီး၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ်(၂၉၂/၆) မှာ မနေ့မနက် ၆ နာရီကျော်လောက်က ၁၂ ဘီး ကုန်တင်ယာဉ် ၁ စီး လမ်းဘေးသစ်ပင် ဝင်တိုက်လို့ ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ရွှေဘိုကနေ ရန်ကုန်ကို ဆန်အိတ်တွေတင်လာတဲ့ ၁၂ ဘီးကုန်တင်ယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ ကားလမ်းဘေး(ညာဘက်ခြမ်းရှိ) သစ်ပင်အား ဝင်ရောက်တိုက်ခဲ့တာပါ။
ရမည်းသင်းခရိုင်မီးသတ်စခန်း၊ ပျော်ဘွယ်မြို့နယ်မီးသတ်စခန်းနဲ့ ယင်းတော်နယ်မြေမီးသတ်စခန်းတို့ရှိ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသား ၁ ဦး သေဆုံးပြီး ၁ ဦး ကျား(၂)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ) ခဲ့လို့ ပျော်ဘွယ်မြို့အလင်းရောင်ပရဟိတအဖွဲ့ပိုင် သူနာတင်ယာဉ်နဲ့ ပျော်ဘွယ်မြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဟားခါး-ဂန့်ဂေါလမ်း၊ မိုင်တိုင်အမှတ် (၁၃/၆) နဲ့ (၁၃/၇) ကြားမှာလည်း စက်တင်ဘာ ၁၆ ရက် မနက် ၁၁ နာရီလောက်က ဂန့်ဂေါကနေ ဟားခါးကို ကြက်အကောင် ၈၀၀ လောက်တင်လာတဲ့ ၆ ဘီးယာဉ်တစီး အရှိန်လွန်မောင်းနှင်ရာက ပေ ၅၀၀ လောက်ရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားခဲ့ပါတယ်။
ဟားခါးမြို့နယ်မီးသတ်စခန်းက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေက ရှာဖွေကယ်ဆယ်ရေးလုပ်ခဲ့ကြပြီး ယာဉ်ပေါ်ပါ ဒဏ်ရာရသူ (မစိုးရိမ်ရ) နှစ်ဦးကို ခရီးသွားပြည်သူမော်တော်ယာဉ်နဲ့ ဟားခါးမြို့ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။