ဘုန်းမောက်တိုက်စစ်မှူး ဝီလ်ဆင်ကို နယူးကာဆယ်အသင်း ခေါ်ယူ

နယူးကာဆယ်အသင်းဟာ ဘုန်းမောက်အသင်းရဲ့ အင်္ဂလန်တိုက်စစ်မှူး ကယ်လန်ဝီလ်ဆင်ကို စတာလင်ပေါင် သန်း ၂၀ နဲ့ ၄ နှစ်စာချုပ် ချုပ်ဆိုလိုက်ပါတယ်။ အသက် ၂၈ နှစ်အရွယ် တိုက်စစ်မှူးဟာ နိုင်ငံအသင်းအတွက် ၄ ပွဲ ကစားခွင့်ရသူ ဖြစ်ပါတယ်။ သူဟာ ဘုန်းမောက်အသင်းအတွက် စုစုပေါင်း ၁၈၇ ပွဲ ကစားပေးထားပြီး ၆၇ ဂိုး သွင်းယူထားနိုင်သူ ဖြစ်ပါတယ်။ ဝီလ်ဆင်ကို အက်စတွန်ဗီလာအသင်းကလည်း ခေါ်ယူဖို့ကြိုးစားခဲ့တာဖြစ်ပြီး ပေါင် ၂၁ သန်းနဲ့ ကမ်းလှမ်းခဲ့ပါသေးတယ်။ ဒါပေမဲ့ ကစားသမားကိုယ်တိုင်က နယူးကာဆယ်အသင်းကိုပဲ ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာပါ။ ဝီလ်ဆင်ဟာ စတိဗ်ရဲ့ ဒီနွေရာသီ ၃ ဦးမြောက် ကစားသမား ခေါ်ယူမှု ဖြစ်လာပါတယ်။ သူ့မတိုင်ခင် ကွင်းလယ်လူ ဂျက်ဖ်ဟန်းဒရစ်၊ ဂိုးသမား မက်ခ်ဂီလက်ပီတို့ကိုလည်း ခေါ်ယူအားဖြည့်ခဲ့ပြီး ဖြစ်ပါတယ်။  တိုက်စစ်မှူး ဝီလ်ဆင်က “နယူးကာဆယ်အသင်းက ကျနော့်ကို စိတ်ဝင်စားနေတယ်လို့ စသိ ကတည်းက ဒါဟာ ကျနော့်ကို လုံးဝ ဆွဲဆောင်နိုင်ခဲ့ပါတယ်။ နယူးကာဆယ်ဟာ အစဉ်အလာကြီးမားတဲ့ အသင်းကောင်းတသင်းပါ။ သမိုင်းကြောင်းတလျှောက်မှာလည်း ဒီအသင်းမှာ ဒိတ်ဒိတ်ကြဲ တိုက်စစ်မှူးတွေ ရှိခဲ့ပါတယ်။ အဲဒီ တိုက်စစ်မှူးတွေလိုမျိုး အောင်မြင်မှုရရှိအောင် ကြိုးစားသွားချင်ပါတယ်” လို့ အသင်းရဲ့ဝဘ်ဆိုဒ်မှာ ပြောပါတယ်။  နယူးကာဆယ်အသင်း မန်နေဂျာ စတိဗ်ဘရုစ်ဟာ နော့ဝှစ်ချ်အသင်းရဲ့ ဘယ်နောက်ခံလူ ဂျာမယ်လူးဝစ္စ၊ ဘုန်းမောက်အသင်းရဲ့ တိုက်စစ်ကစားသမား ရိုင်ရယ်ဖရေဇာတို့ကိုလည်း ခေါ်ယူဖို့ ကြိုးစားနေပြီး ဝီလ်ဆင်ကို ခေါ်ယူနိုင်ခဲ့ခြင်းအတွက် ဝမ်းမြောက်မိတယ်လို့ ပြောပါတယ်။  ဝီလ်ဆင်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၁ ဂိုး သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ သူ့ရဲ့  နိုင်ငံအသင်းအတွက် ပထမဆုံး ပွဲထွက်ခွင့်ရရှိတဲ့ ၂၀၁၈ ခုနှစ် နိုဝင်ဘာက အမေရိကန်အသင်းနဲ့ ပွဲစဉ်မှာ သွင်းယူခဲ့တာဖြစ်ပြီး လက်ရွေးစင်အသင်းအတွက် နောက်ဆုံးပွဲစဉ်ကိုတော့ ဘူဂေးလ်ရီးယားအသင်းနဲ့ ၂၀၁၉ အောက်တိုဘာလပွဲစဉ်မှာ ကစားခွင့်ရရှိထားသူ ဖြစ်ပါတယ်။ ဝီလ်ဆင်ဟာ တန်းဆင်းသွားတဲ့ ဘုန်းမောက်အသင်းရဲ့ အဓိက ကစားသမား ထွက်ခွာမှုတွေထဲက တစ်ခုဖြစ်ပြီး သူ့မတိုင်ခင် နောက်ခံလူ နာသန်အကီဟာ မန်စီးတီးအသင်းကို ပြောင်းရွှေ့ခဲ့ကာ ဂိုးသမား အာရွန်ရမ်းစ်ဒါလီကလည်း ရှက်ဖီးလ်အသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up