ချောင်းသာကမ်းခြေ၌ သောင်တင်နေသည့် လင်းပိုင် ၁ ကောင်ကို ပင်လယ်ထဲ ပြန်လွှတ်
DVB
·
September 8, 2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာကမ်းခြေမှာ စက်တင်ဘာ ၇ ရက် မနက်ပိုင်းက လင်းပိုင် ၁ ကောင် သောင်တင်နေတာကို ဟိုတယ်ဝန်ထမ်းတွေက စတင်တွေ့ရှိခဲ့ပြီးနောက် သက်ဆိုင်ရာက ပင်လယ်ထဲ ပြန်လွှတ်ပေးခဲ့ပါတယ်။
ချောင်းသာမြို့အုပ်ချုပ်ရေးမှူး ဦးကျော်သူက “ကမ်းခြေက ဟိုတယ်ဝန်ထမ်းတွေက အရင်စတွေ့တာပါ။ ဘဲလ်ဟိုတယ်ရှေ့ ကမ်းခြေနားမှာ စတွေ့တော့ ဝန်ထမ်းတွေက ပိုင်ရှင်ကို အကြောင်းကြားတော့ ပိုင်ရှင်က တာဝန်ရှိသူတွေကို ဆက်လက်အကြောင်းကြားခဲ့လို့ သိရှိခဲ့တာဖြစ်ပြီး သောင်လာတင်တဲ့ ဧရာဝတီလင်းပိုင်မှာ ပုံမှန်အရွယ်အစားရှိတဲ့ အမ အမျိုးအစားဖြစ်တယ်။ လမ်းမှားပြီး သောင်လာတင်တဲ့ သဘောပေါ့၊ ရေတိမ်ဘက်ရောက်တော့ ရေနက်ထဲကို သူ ပြန်မကူးနိုင်တော့ဘူး။ အဲဒီတော့ ဒီက ရေလုပ်ငန်းအဖွဲ့တွေ ငါးလုပ်ငန်းအဖွဲ့တွေနဲ့ ပူးပေါင်း ပြီးတော့ ရေမိုင် ၂ မိုင်လောက် သဲဖြူကျွန်းအကျော်နားမှာ ရေအေးစီးကြောင်းဆိုတာ ရှိပါတယ်။ ဘုတ်နဲ့တင်ပြီး အဲဒီနားထိ သွားပြန်လွှတ်ပေးရတာ၊ အဲဒါမှ သူတို့ကို ပြန်ကူးနိုင်ပြီး အသက်ရှင်တာပါ ”လို့ ပြောပါတယ်။
သောင်လာတင်တဲ့ ဧရာဝတီလင်းပိုင်းမှာ အမဖြစ်ပြီး အလျား ၄ ပေနီးပါးရှိကာ လုံးပတ် ၁ ပေခွဲလောက်ရှိပါတယ်။ လင်းပိုင်တွေက အုပ်လိုက်လာပြီး ခုသောင်လာတင်တဲ့ အကောင်သာ အဖွဲ့ကွဲလာတာ ဖြစ်တယ်လို့ သိရပါတယ်။
အရင်ကလည်း ခုလို ဧရာဝတီလင်းပိုင် အလတ်စား ၁ ကောင် ဝင်လာတာမျိုးရှိခဲ့ပြီး အဲဒီတုန်းကတော့ သူ့ဘာသာပြန်ထွက်သွားခဲ့ဖူးတယ်လို့ မြို့အုပ်ချုပ်ရေးရုံး တာဝန်ရှိသူက ပြောပါတယ်။
ဧရာဝတီလင်းပိုင်တွေဟာ အုပ်စုဖွဲ့နေထိုင်တဲ့ ငါးမျိုးစိတ်ဖြစ်ကာ များသောအားဖြင့် ပင်လယ်ရဲ့ ရေနက်ပိုင်းဖြစ်တဲ့ ရေအေးစီးကြောင်းရှိတဲ့ အနားမှာသာ နေထိုင်ကျက်စားလေ့ရှိတဲ့ မျိုးစိတ်လည်းဖြစ်တယ်လို့ ဒေသခံရေလုပ်သားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
မင်းထက်မုန်း (ပုသိမ်)