စစ်တွေတွင် ကျပန်းဓာတ်ခွဲနမူနာစစ်ဆေးရာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ တွေ့ရှိ
ဆုဆုသွယ်
·
September 2, 2020
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ပြည်သူတွေရဲ့ သဘောဆန္ဒအလျောက် ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ ကျပန်းဓာတ်ခွဲနမူနာရယူစစ်ဆေးတာတွေကို ဩဂုတ် ၃၁ ရက်က စတင်စစ်ဆေးနေပါတယ်။
ဒီကနေ့ စက်တင်ဘာ ၂ ရက်နေ့အထိ ဓာတ်ခွဲနမူနာပေါင်း ၃၀၀ ကိုစစ်ဆေးထားရာမှာ ကိုဗစ်-၁၉ ပိုးရှိတဲ့လူနာတွေ တွေ့ရှိတယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ရဲဝင်းထွန်းက ပြောပါတယ်။
ကျပန်းဓာတ်ခွဲနမူနာရယူစစ်ဆေးတာတွေကိုတော့ ရောဂါဖြစ်ပွားနိုင်ခြေများတဲ့ နေရာတွေနဲ့ အတည်ပြုလူနာတွေ့ရှိမှု များထားတဲ့နေရာတွေဖြစ်တဲ့ ကျောင်းတွေ၊ ရပ်ကွက်တွေ၊ စစ်ဘေးရှောင်စခန်းတွေ၊ ကယ်ဆယ်ရေးစခန်းတွေ၊ လေဆိပ်နဲ့ ကားဂိတ်တွေမှာ စစ်ဆေးနေတာဖြစ်ပါတယ်။
အခုလိုစစ်ဆေးတာတွေကိုတော့ ကျန်းမာရေးဌာနက ဝန်ထမ်း ၁၅ ဦးနဲ့ ဆောင်ရွက်နေတာဖြစ်ပြီး ဒီနေ့ စက်တင်ဘာ ၂ ရက်နေ့မှာတော့ စစ်တွေမြို့ပေါ်က ရပ်ကွက် ၅ ခုမှာ စစ်ဆေးမှုပြုလုပ်နေတာ ဖြစ်ပါတယ်။
အခုလို စစ်ဆေးရာမှာ ပြည်သူလူထုက ပူးပေါင်းပါဝင်ဖို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းထားပါတယ်။