Homeမြန်မာသတင်း
တောင်ဥက္ကလာက ပိုးတွေ့သင်္ဘောသားအိမ်ကို တ/ဥအထက (၃)က အထက်တန်းကျောင်းသား ၁ ဦး အလည်သွားခဲ့သည့် ရာဇဝင်ရှိနေ
တောင်ဥက္ကလာက ပိုးတွေ့သင်္ဘောသားအိမ်ကို တ/ဥအထက (၃)က အထက်တန်းကျောင်းသား ၁ ဦး အလည်သွားခဲ့သည့် ရာဇဝင်ရှိနေ
ညီငယ်
·
August 26, 2020
မနေ့ည ၁၂ နာရီကျော်က တောင်ဥက္ကလာပမြို့နယ် မာဃ ၆ လမ်းနေ ကိုဗစ်-၁၉ ပိုးတွေ့လူနာအိမ်ကို အလည်လာလေ့ရှိတဲ့ တောင်ဥက္ကလာပမြို့နယ် အထက(၃)မှာ ပညာသင်နေတဲ့ အထက်တန်းကျောင်းသားတစ်ယောက်ကို ခေါ်ယူတွေ့ဆုံမေးမြန်းနေကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်က ပြောပါတယ်။
"အဲဒီကလေးက ဆွေမျိုးမကင်းတော့ သူ့အိမ်ခဏခဏသွားလည်တာတွေရှိတယ်။ သူနဲ့ထိတွေ့သူတွေတော့ ဆက်စုံစမ်းနေတုန်းပဲ။"လို့ သူက ပြောပါတယ်။
အသက် ၃၀ ကျော်အရွယ်ရှိ သင်္ဘောသားဟာ လွန်ခဲ့တဲ့ ၂နှစ်လောက်က သင်္ဘောတက်ပြီး ပြန်လာပြီးနောက် နောက်တခေါက်သင်္ဘောတက်ဖို့ ဆေးစစ်ခဲ့တာဖြစ်တယ်လို့ တောင်ဥက္ကလာပ မြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်လွင်က ပြောပါတယ်။
"သင်္ဘောတက်ဖို့ဆိုပြီး သူ့ဘာသာသွားစစ်တာ။ သွားစစ်တဲ့ နေရာကနေ ကျန်းမာရေးကို အကြောင်းကြားတာဖြစ်မယ်။ ကျနော်တို့ သွားတဲ့အချိန် သူမသိဘူး။ တိုင်းကျန်းမာရေးက မြို့နယ်ကို အကြောင်းကြား၊ မြို့နယ်ကနေ ချိတ်ဆက်ပြီး ညတွင်းချင်းပို့ပါဆိုလို့ ည ၁၂နာရီ ၄၅ မိနစ်မှာ တိုင်း/ကျန်းက ကားရောက်လာလို့ ဝေဘာဂီကို ပို့လိုက်တာပါ။"လို့ ပြောပါတယ်။
သူနေထိုင်တဲ့ အိမ်အပါအဝင် လမ်းကိုလည်း လတ်တလော လော့ဒေါင်းချထားပြီး ပိုးသတ် ဆေးဖျန်းတာတွေလည်း လုပ်ထားကာ သူ့မိသားစုဝင်တွေကိုလည်း ကွာရတင်းစင်တာပို့ဖို့ စီစဉ်နေ ပါတယ်။
သူနဲ့ပတ်သက်ပြီး အသေးစိတ်ကိုဆက်စုံစမ်းနေဆဲဖြစ်ပြီး၊ အဖြေကတော့ ပေါ့စတစ်ဖြစ်တယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူက ဆိုပါတယ်။