ထိုင်းနိုင်ငံတွင် အဝတ်လျှော်စက်ထဲ ဝင်ဆော့သည့် ကလေးငယ်အား ခဲယဉ်းစွာ ထုတ်ယူ

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း နခွန်းရာ့ချ်ဆီမားခရိုင်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ကလေးငယ်တစ်ဦး အဝတ်လျှော်စက်ထဲ ဝင်ဆော့ပြီး ပြန်ထွက်လို့မရတော့လို့ ကယ်ဆယ်ရေးအဖွဲ့တွေခေါ်ပြီး ခက်ခက်ခဲခဲ ထုတ်ယူခဲ့ရပါတယ်။  နုန်းဆွန်မြို့နယ်က အိမ်ရှင်မတစ်ဦးဟာ ပြီးခဲ့တဲ့ ဩဂုတ် ၂၂ ရက်နေ့က အဝတ်လျှော်နေစဉ် ၅ နှစ်ရွယ်သားငယ်လေးကလည်း အနီးက ဇလုံထဲမှာ ရေဆော့နေကြောင်း၊ အဝတ်လျှော်ပြီးလို့ မိခင်က အဝတ်သွားလှန်းနေစဉ် ကလေးအော်ငိုသံကြားလို့ လာကြည့်တော့ သားဖြစ်သူက အဝတ်လျှော်စက် အခြောက်ခံပေါက်ထဲ ရောက်နေတာလို့ သတင်းထောက်တွေကို ပြောပါတယ်။  ကလေးရဲ့ ပေါင်ဟာ အခြောက်ခံပုံးထဲမှာ ညှပ်ပိတ်နေပြီး မိသားစုဝင်တွေက ၂ နာရီကြာ အမျိုးမျိုးကြိုးစားဆွဲထုတ်ပေမယ့် မရတာကြောင့် ကယ်ဆယ်ရေးအဖွဲ့ကို ဖုံးဆက်ခေါ်လိုက်ရပါ တယ်။  ကယ်ဆယ်ရေးတွေလည်း အတန်ကြာဆွဲထုတ်လို့မရတဲ့အဆုံး အဆိုပါအဝတ်လျှော်စက်ကို တစ်စစီဖြုတ်ထုတ်ပြီး အခြောက်ခံပုံးကို လျှပ်စစ်လွှနဲ့ဖြတ်လိုက်မှဘဲ ကလေးကို ဆွဲထုတ်လို့ရသွားပါတော့တယ်။  မိခင်က အဝတ်လျှော်စက် မီးပလပ်ဖြုတ်ထားလို့သာ တော်သေးကြောင်း၊ မဟုတ်ရင်တော့ အဝတ်လျှော်စက်မွှေပြီး ကလေးအသက်ပါ ဆုံးရှုံးနိုင်တယ်လို့ ကယ်ဆယ်ရေးလုပ်သားတွေက ပြောပါတယ်။  အိမ်မှာ ကလေးငယ်တွေရှိရင် သတိထားရအောင်လို့ ဗွီဒီယိုပါ တွဲတင်ပေးလိုက်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up