အိန္ဒိယနှင့် ဖိလစ်ပိုင်ပြန် ကိုဗစ်-၁၉ လူနာသစ် ၁၅ ဦး ထပ်မံတွေ့ရှိ
DVB
·
August 19, 2020
ကိုဗစ်-၁၉ လူနာသစ် ၁၅ ဦး ထပ်မံစစ်ဆေးတွေ့ရှိရပြီး မြန်မာနိုင်ငံမှာ အတည်ပြုလူနာပေါင်း ၃၉၄ ဦးရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ ဩဂုတ် ၁၉ ရက်ည ထုတ်ပြန်ချက်အရ သိရပါတယ်။
လူနာသစ်တွေကတော့ အိန္ဒိယနိုင်ငံက ပြန်လာတဲ့ အမျိုးသား ၁၄ ဦးနဲ့ ဖိလစ်ပိုင်က ပြန်လာတဲ့ အသက် ၂၁ နှစ်အရွယ် အမျိုးသမီး ၁ ဦးတို့ဖြစ်ကြပြီး ရန်ကုန်မှာ အသွားအလာကန့်သတ်စောင့်ကြပ်ခံထားရသူတွေ ဖြစ်ကြပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ ၅၆၀ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၂၃၇ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ ၂၀၈ ခု စုစုပေါင်း ၁,၀၀၅ ကို ဒီကနေ့ ညနေ စစ်ဆေးပြီးစီးခဲ့ရာ လူနာသစ် ၁၅ ဦးတွေ့ရှိရတာပါ။
ဩဂုတ် ၁၉ ရက်ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၉၄ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၃၃၃ ဦး၊ ဆေးရုံမှဆင်းခွင့်ပြုခဲ့သူ ၃၂၉ ဦး စောင့်ကြည့်လူနာအသစ် ၂၆ ဦးရှိပါတယ်။