ဆီမီးဖိုင်နယ်တွင်  ပီအက်စ်ဂျီအသင်းကို ဖိအားပေးကစားသွားမည်ဟု လိုက်ပစ်ဇ်နည်းပြပြော

ဒီကနေ့ည ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းကို အသင်းလိုက် စုဖွဲ့မှုနဲ့ ရင်ဆိုင်သွားမယ်လို့ လိုက်ပစ်ဇ်နည်းပြ ဂျူလီယန် နာဂယ်စ်မန်းက ပြောပါတယ်။  လိုက်ပစ်ဇ်အသင်းဟာ အက်သလက်တီကိုအသင်းကို ၂ ဂိုး ၁ ဂိုးရလဒ်နဲ့ ဖြတ်ကျော်ကာ ဆီမီးအဆင့်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ဗိုလ်လုပွဲကို ရောက်ရှိဖို့အတွက် ပြင်သစ်လီဂူးချန်ပီယံအသင်းကို ကျော်ဖြတ်ရမှာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းကတော့ အတ္တလန္တာအသင်းကို နောက်ကနေ လိုက်ကစားကာ ဒီအဆင့်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒါဟာ ၁၉၉၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ အင်အားကြီးအသင်းတစ်သင်းဖြစ်တဲ့ ပီအက်စ်ဂျီနဲ့ ကန်ရမယ့်ပွဲနဲ့ပတ်သက်ပြီး  လိုက်ပစ်ဇ်နည်းပြ နာဂယ်လ်မန်းက “စုဖွဲ့လုပ်ဆောင်သွားဖို့ အရေးကြီးပါတယ်။ ပထမဆုံးအနေနဲ့ ကျနော်တို့ဟာ ဘောလုံးကို အန္တရာယ်ရှိတဲ့ဇုံတွေထဲ ရောက်မလာဖို့ တားဆီးရပါမယ်။ သူတို့မှာ ပြိုင်ဘက်ရဲ့ ခံစစ်ရှေ့မှာ ကစားချင်တဲ့တိကျတဲ့ ပစ်မှတ်ဧရိယာတွေ ရှိနေပါတယ်။ ဒါပေမဲ့ ကျနော်တို့မှာလည်း နေရာလွတ်တွေမရှိအောင် ဘယ်လိုပိတ်ပစ်ရမလဲဆိုတဲ့ ပြင်ဆင်မှုတွေ ရှိနေပါတယ်။ အဓိကအကျဆုံးအချက်က ဘာလုံ ရှိတဲ့လူကို ဘယ်လောက်အထိ ဖိအားပေးထားနိုင်မလဲ ဆိုတာပါပဲ။ ကျနော်တို့ရဲ့ ပြိုင်ဘက်အသင်းမှာ ကောင်းမွန်တဲ့ တစ်ဦးချင်းစွမ်းရည်တွေ ရှိနေပြီး အထူးသဖြင့် မြန်နှုန်းပါ” လို့ ပြောပါတယ်။  ပြင်သစ်လူငယ်တိုက်စစ်မှူး အမ်ဘာပေနဲ့ပတ်သက်ပြီးလည်း နည်းပြ  နာဂယ်စ်မန်းက “တခါတလေမှာ သူတို့ကို တားဆီးလို့မရနိုင်ပါဘူး။ အမ်ဘာပေလို ကစားသမားမျိုးက ၁ နာရီအတွင်းမှာတောင် ခင်ဗျားအတွက် ၁ ကီလိုမီတာလောက် ပိုမြန်နေမှာမို့လို့ပါ။ ဒါဟာ လက်တွေ့အခြေအနေဖြစ်ပြီး ဒီကိစ္စအတွက် ကျနော်တို့ ဘာမှ မလုပ်ဆောင်နိုင်ပါဘူး။ ကျနော့်အမြင်မှာတော့ ကျနော်တို့အသင်းအနေနဲ့ ဘောလုံးကို ပိုကိုင်ထားနိုင်ရင် ပြိုင်ဘက်ကို ဖိအားပေးနိုင်မှာဖြစ်ကာ အခွင့်အရေးတွေကို ဖန်တီးသွားရပါမယ်” လို့ ပြောခဲ့ပါတယ်။  လိုက်ပစ်ဇ်အသင်းရဲ့ ကစားပုံနဲ့ပတ်သက်လို့ အက်သလက်တီကိုမက်ဒရစ်နည်းပြ ဆီမြွန်နီကလည်း ကွာတားဖိုင်နယ်ပွဲစဉ်အပြီး ချီးကျူးပြောဆိုခဲ့ပြီး ဂျာမန်အသင်းဟာ ပွဲရဲ့ဧရိယာတိုင်းမှာ အနိုင်ရရှိခဲ့တယ်လို့ အသိအမှတ်ပြုခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up