Live
Home
မြန်မာသတင်း
ပြည်သူများ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရန် ဆောင်ရွက်နေဟု ပြည်ထောင်စုဝန်ကြီးပြော
DVB
·
August 17, 2020
ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ ပြည်သူတွေ မဲပေးခွင့်ဆုံးရှုံးခြင်းမဖြစ်ရလေအောင် ပြည်သူလူထုရဲ့ အသံကို အောက်ခြေဆင်းပြီး နားထောင်ခိုင်းထားတယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက ပြောပါတယ်။ ဇူလိုင် ၂၅ ရက်ကနေ စတင်ကပ်ခဲ့တဲ့ ပထမအကြိမ် မဲစာရင်းထဲကို လာရောက်ကြည့်ရှုခဲ့တဲ့ ပြည်သူတွေအကြားမှာ မဲစာရင်းတွေမှားယွင်းတဲ့ အသံတွေ ထွက်ပေါ်ခဲ့ပါတယ်။ မဲစာရင်းမှားယွင်းမှုတွေကို လက်တွေ့ကြုံနေရတဲ့ ပြည်သူတွေရဲ့ အသံကို အောက်ခြေအထိ ဆင်းနားထောင်ခိုင်းထားပြီး ပြည်သူတွေရဲ့ မဲပေးပိုင်ခွင့်မဆုံးရှုံးရအောင် ဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက ဩဂုတ် ၁၇ ရက်က ဇမ္ဗူသီရိမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်၊ လဝက၊ ထွေအုပ် ဝန်ထမ်းတွေနဲ့ တွေ့ဆုံအပြီးမှာ ပြောပါတယ်။  “အောက်ခြေမှာလည်း တကယ်ဘာတွေဖြစ်နေလဲ၊ အောက်ခြေမှာ ဖြစ်နေတဲ့ဟာတွေ ပြည်သူလူထုရဲ့ အသံကိုဆင်းပြီး နားထောင်ခိုင်းထားပါတယ်။ အဖွဲ့တစ်ဖွဲ့လည်း လွှတ်ထားပါတယ်။ အခုဆိုလို့ရှိရင် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း နောက်မုံရွာပေါ့။ နောက်တနင်္သာရီလည်း ဆင်းပြီးပါပြီ။ ဧရာဝတီတိုင်းမှာကို အခုလက်ရှိ ရောက်နေပါပြီ။ ပြည်သူလူထုအသံကို ဆင်းနားထောင်ခိုင်းထားတာ၊ အောက်ခြေမှာ တကယ် ဘာတွေ အခက်အခဲဖြစ်နေလဲ။ အဓိကကတော့ မဲပေးခွင့်ရှိတဲ့ လူတွေ မဲပေးပိုင်ခွင့်မဆုံးရှုံးရလေအောင် အဲဒါလေးကို အလေးအနက်ထားပြီး ဆောင်ရွက်နေပါတယ်” ပထမအကြိမ် မဲစာရင်းကို ဇူလိုင် ၂၅ ရက်ကနေ ဩဂုတ် ၇ ရက်နေ့အထိ ရွေးကောက်ပွဲ ကော်မရှင်ရုံးခွဲတွေမှာ ကြော်ငြာကပ်ထားခဲ့ပေမယ့် လာရောက်ကြည့်ရှုသူ ရာခိုင်နှုန်း နည်းပါးလွန်းတာကြောင့် ဩဂုတ် ၁၄ ရက်နေ့အထိ နောက်ထပ် တပတ်ထပ်တိုးပေးခဲ့တာပါ။ ဒုတိယအကြိမ် မဲစာရင်းကပ်ရာမှာတော့ အမှားအယွင်းနည်းစေဖို့အတွက် အခုလို ဝန်ထမ်းတွေနဲ့ လာရောက်တွေ့ဆုံရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ “မဲစာရင်းမှားတာနဲ့ပတ်သက်လို့တော့ ဟိုးတုန်းကလည်း မှားခဲ့တာတွေ ရှိပါတယ်။ ဒါကတော့ အခုပိုပြီးတော့ ပွင့်လင်းမြင်သာတဲ့ခေတ်ပေါ့။ အခုခေတ်မီဒီယာတွေက ပိုပြီးပွင့်လင်းမြင်သာလာတဲ့ အချိန်ကျတော့ ပြည်သူလူထုကလည်း ပိုသိလာတယ်။ လူတွေကလည်း ကိုယ့်အမြင်အရတော့ ရွေးကောက်ပွဲကို ပြည်သူလူထုက စိတ်ဝင်စားလို့ လာကြည့်တဲ့အခါမှာ ဒီအမှားအယွင်းလေးတွေလည်း ပိုပြီးတွေ့တာပေါ့” လို့လည်း ဦးမင်းသူက ပြောပါတယ်။ ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းတွေကိုတော့ လာမယ့် အောက်တိုဘာလအတွင်း ကပ်သွားဖို့ ရှိနေပြီး ရက်အတိအကျ ကိုတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။ ပထမအကြိမ် မဲစာရင်းကပ်ထားရာမှာ  အမည်တွေမပါဝင်တာ၊ အမည်တွေမှားနေတာ၊  မိဘအမည်မှားနေတာ၊ မှတ်ပုံတင်အမှတ်တွေမှားတာ၊ နေရပ်လိပ်စာမှားတာတွေရှိနေပြီး လူတဦး  မဲစာရင်းတွေ တစ်နေရာထက်ပိုပြီး ပါဝင်နေတာတွေ့ရှိပြင်ဆင်ခဲ့ကြရတာပါ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ အမည်ဟာလည်း မြို့နယ် ၂ မြို့နယ်မှာ ပါဝင်နေသလို ပြည်ထောင်စုဝန်ကြီးတချို့နဲ့ လွှတ်တော်အမတ်တချို့ရဲ့ မိသားစုတွေလည်း မဲစာရင်းမှာ မပါတာတွေလည်း ရှိခဲ့ပါတယ်။ ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024