စပိန်နိုင်ငံမြို့တော် မက်ဒရစ်တွင် Mask မတပ်ဆင်လိုသူများ ဆန္ဒပြ 

စပိန်နိုင်ငံရဲ့ မြို့တော် မက်ဒရစ်က ကိုလွန်းရင်ပြင်မှာ ရာချီတဲ့ ဆန္ဒပြသူတွေ သြဂုတ် ၁၆ ရက်က စုရုံးခဲ့ကြပြီး စပိန်နိုင်ငံအတွင်း အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေမှာ Mask မဖြစ်မနေ တပ်ရမယ့် စည်းမျဉ်းကို ဆန့်ကျင်ဆန္ဒပြနေပါတယ်။ နိုင်ငံတွင်း ကိုဗစ်-၁၉ ကူးစက်မှုတိုးလာတာကို ထိန်းချုပ်ဖို့ရည်ရွယ်ပြီး သတ်မှတ်ချက် အသစ်တွေကို ကျန်းမာရေးဝန်ကြီး ဆယ်လ်ဗာဒေါအီလာက သြဂုတ် ၁၄ ရက်မှာ ကြေညာခဲ့ပါတယ်။ အဲဒီနောက် ညွန့်ပေါင်းအစိုးရဟာ သူတို့ရဲ့အခွင့်အရေးတွေကို ချိုးဖောက်နေတယ်ဆိုပြီး ဆန္ဒပြသူတွေက မကျေမနပ်ဖြစ်နေကြတာပါ။ ကန့်သတ်ချက်တွေထဲမှာ အများပြည်သူနဲ့ဆိုင်တဲ့ နေရာတိုင်းမှာ ပါးစပ်၊ နှာခေါင်းစည်း တပ်ဖို့ ၊ ဘေးကင်းတဲ့ အကွာအဝေးထိ လူချင်းခွာနေဖို့နဲ့  အခန်းပြင်ပမှာ ဆေးလိပ်သောက်တာကို တားမြစ်ပိတ်ပင်ဖို့တွေ ပါပါတယ်။ ဆန္ဒပြသူတွေဟာ လွတ်လပ်ရေးလို့ ကြွေးကြော်ရင်း ကိုယ်ပိုင်ဆန္ဒ အရသာ ပါးစပ်၊ နှာခေါင်းစည်းတပ်ခွင့်နဲ့ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကာကွယ်ဆေး ထိုး၊ မထိုး ကိုယ်တိုင် ဆုံးဖြတ်ခွင့်တွေကို တောင်းဆိုခဲ့ပါတယ်။ ဆန္ဒပြသူ အများအပြားက ကိုရိုနာဗိုင်းရပ်စ် မရှိဘူးလို့ ငြင်းဆိုရင်း ကူးစက်မှုအသစ် မရှိတော့ဘူးလို့လည်း ကြွေးကြော်ခဲ့ပါတယ်။ စပိန်မှာ သြဂုတ် ၁၆ ရက် တရက်တည်းမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ လူနာအသစ် ၃,၀၀၀ နီးပါးရှိပြီး သြဂုတ်လ ပထမ ၁၂ ရက် ပျမ်းမျှကူးစက်မှုရဲ့ နှစ်ဆကို ကူးစက်ခံခဲ့ရတာပါ။ ဒါကြောင့် အနောက်ဥရောပမှာ ကူးစက်ခံဦးရေအမြင့်ဆုံး နိုင်ငံဖြစ်လာပြီး လူပေါင်း ၃၄၃,၀၀၀ နီးပါး ကူးစက်ခံထားရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up