အမ်းမြို့ရှိ စစ်ဘေးရှောင်များအတွက် လူကယ်ပြန်ဌာနက ထောက်ပံ့ငွေပေးအပ်
DVB
·
August 11, 2020
ရခိုင်ပြည်နယ်၊ အမ်းမြို့ကို သြဂုတ် ၁၀ ရက်နေ့က ရောက်ရှိလာတဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနဲ့အဖွဲ့ဟာ အမ်းမြို့ရှိ စစ်ဘေးရှောင်တွေကို ထောက်ပံ့ငွေပေးအပ်ခဲ့ပါတယ်။
အမ်းမြို့ရှိ စစ်ဘေးရှောင်စခန်း ၂ ခုဖြစ်တဲ့ ကယ်ဆယ်ရေးစခန်း အမှတ်(၁) ပဲပဒုံ၊ ကယ်ဆယ်ရေးစခန်းအမှတ် (၂) အားကစားခန်းမတို့နဲ့ စခန်းပြင်ပမှာနေထိုင်ကြတဲ့ အသက် ၅ နှစ်အောက်ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ အသက် ၆၀ နှစ်အထက် သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းတွေကို တစ်ဦးလျှင် ကျပ် ၃၀၀၀၀ နှုန်းနဲ့ လူပေါင်း ၄၃၀ ဦးအတွက် ကျပ်သိန်းပေါင်း ၁၀၀ ကျော်ပေးအပ်ခဲ့တာပါ။
အမ်းမြို့နယ်ရှိ စစ်ဘေးရှောင်ဦးရေ ၄၀၀၀ ကျော်တို့အတွက် စားနပ်ရိက္ခာဖိုးထောက်ပံ့ငွေ ကျပ်သိန်း ၁၀၀၀ ကျော်ကိုလည်း ထောက်ပံ့ပေးခဲ့တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားပေးရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရခိုင့်တပ်တော်(အေအေ)တို့ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားပြီးနောက် စစ်ဘေးရှောင်ဦးရေ ၂ သိန်းဝန်းကျင်ထိရှိလာနေပြီ ဖြစ်ပါတယ်။
လုံခြုံရေးစိုးရိမ်ရတဲ့ မြို့နယ်တွေက စစ်ဘေးရှောင်စခန်းတွေကိုတော့ အစိုးရက သွားရောက်ထောက်ပံ့မှုမရရှိတာကြောင့် နေထိုင်စားသောက်ရေးတွေမှာ အခက်အခဲရှိနေသလို ကျောင်းနေအရွယ် ကလေးအတွက်လည်း ပညာသင်ကြားဖို့ အခက်အခဲတွေရှိနေတယ်လို့ စစ်ဘေးရှောင်စခန်းတာဝန်ခံတွေက ပြောပါတယ်။
သတင်း - နောင်နောင်