Home
မြန်မာသတင်း
ပုသိမ်တွင် ကေတီဗွီဆိုင်လာသူများနှင့်ဝန်ထမ်းများကို ထောင်ဒဏ်ချအရေးယူ
DVB
·
August 8, 2020
ကိုဗစ်-၁၉ ကန့်သတ်မိန့် မလိုက်နာတာကြောင့် ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၁၅ ရပ်ကွက်ရှိ "999 KTV" ဆိုင်ကို ရဲတပ်ဖွဲ့က ဝင်ရောက် စစ်ဆေးပြီး ဆိုင်ဝန်ထမ်းတွေနဲ့ ဆိုင်ကိုလာရောက်သီချင်းဆိုသူ စုစုပေါင်း ၁၃ ဦးကို တရားစွဲဆို ထောင်ဒဏ်ချခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့က သိရပါတယ်။ ကေတီဗွီဆိုင်က ဝန်ထမ်းတွေနဲ့ လာရောက်သီချင်းသီဆိုသူ စုစုပေါင်း ၁၃ ဦးကို တရားစွဲ တင်ပို့ခဲ့ရာ ပုသိမ်မြို့နယ် တရားရုံးမှာ သြဂုတ် ၇ ရက်နေ့က အသက်ပြည့်သူ ၁၂ ဦးကို ထောင်ဒဏ် ၂ လစီ ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့  ပုသိမ်မြို့မရဲစခန်းက နယ်ထိန်းအရာရှိ ဒုရဲအုပ် ငြိမ်းချမ်းအောင် က DVB ကို ပြောပါတယ်။ "ကျနော်တို့ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့ဝင်တွေနဲ့ ဝင်ဖမ်းတာပါ၊ အားလုံးဆို ၁၃ ယောက်၊ အသက်မပြည့်တဲ့ မိန်းကလေးတစ်ယောက်ကိုတော့ ပြန်ပြီး မိဘတွေကို အပ်ပေးလိုက်ပါတယ်၊ ကျန်တဲ့ သူတွေကိုတော့ ၂ လစီထောင်ဒဏ်ချပါတယ်"လို့ ပြောပါတယ်။ ရဲတပ်ဖွဲ့က ပူးပေါင်းအဖွဲ့နဲ့ ဝင်ဖမ်းချိန်မှာ ကေတီဗွီဆိုင်မန်နေဂျာဖြစ်သူ အသက် ၂၉ နှစ်အရွယ် ထက်အောင်အပါအဝင် ဝန်ထမ်းတွေနဲ့ လာရောက်သီဆိုသူ စုစုပေါင်း ၁၃ ဦးကိုဖမ်းမိခဲ့တာ ဖြစ်ပြီး မြို့နယ်ကျန်းမာရေးဌာနကတာဝန်ရှိသူက တရားစွဲဆိုခဲ့တာလို့ ဆိုပါတယ်။ ကေတီဗွီဆိုင်မှာ ဖမ်းမိခဲ့တဲ့ မန်နေဂျာနဲ့  ဆိုင်ကိုလာရောက်တဲ့သူတွေကို ပုသိမ်မြို့နယ်တရားရုံးမှာ ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူက ဦးတိုက်လျှောက်ထားခဲ့ရာ ရာကြီးမှုအမှတ် ၂၄၂၂/၂၀၂၀၊ ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေပုဒ်မ ၁၈ နဲ့ စစ်ဆေးခဲ့ပြီး ပါဝင်ခဲ့သူ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၁၂ ဦးကို ထောင်ဒဏ် ၂ လစီချမှတ်ခဲ့တာပါ။ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားပြီးနောက်ပိုင်း ဧရာဝတီတိုင်းဒေသကြီးမှာ ဧပြီလပိုင်းကစပြီး တခြား ကန့်သတ်အမိန့်တွေနဲ့ အတူ ရုပ်ရှင်ရုံ၊ ဗွီဒီယိုရုံ၊ ကာရာအိုအေနဲ့ စတင်ဖျော်ဖြေရေးတွေကို ယာယီပိတ်ထားဖို့အတွက် အမိန့်ထုတ်ပြန်ခဲ့တာပါ။ ထုတ်ပြန်ထားတဲ့ အမိန့်တွေကို မလိုက်နာဘဲ ရောဂါထိန်းချုပ်ရေးကာလအတွင်း ဖွင့်လှစ်ထားတဲ့ ကေတီဗွီဆိုင်ကို ဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်ဟာ ပုသိမ်မြို့မှာ ပထမဆုံးအကြိမ်လည်းဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကတာဝန်ရှိသူက ပြောပါတယ်။ မင်းထက်မုန်း (ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024