Live
Home
မြန်မာသတင်း
စိုက်ပျိုးစရိတ်မြင့်တက်လာသဖြင့် ရခိုင်ပြည်နယ်က လယ်သမားများ ချေးငွေမလုံလောက်
DVB
·
July 29, 2020
ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ စိုက်ပျိုးစရိတ်မြင့်တက်လာတဲ့အတွက် အစိုးရရဲ့ စိုက်ပျိုးစရိတ်ချေးငွေနဲ့ မလုံလောက်တာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေလာရောက်ထုတ်ယူကြတဲ့ ဒေသခံ လယ်သမားတွေက ပြောပါတယ်။ မောင်တောမြို့နယ်တောင်ပိုင်း သရီကုန်ဘောင်ကျေးရွာမှ လယ်သမားဦးဘမောင်က "အခု စိုက်ဘဏ်က ထုတ်ချေးတာက တစ်ဧကကို ကျပ် ၁ သိန်းခွဲထုတ်ချေးပါတယ်။ ကျနော်တို့ တစ်ဧက ကို စိုက်ပျိုးထွန်ယက်ချိန်မှ နောက်ဆုံးစိုက်ပျိုးရိတ်သိမ်းပြီးချိန်အထိ အနည်းဆုံး ၂ သိန်းခွဲ ၃ သိန်း လောက် ကုန်ကျပါတယ်။ ထွန်စက်စရိတ်က တစ်ဧက ကို ၆ သောင်းပေးရတယ်။ ပျိုးစိုက်ဖို့ အလုပ်သမားတစ်ဦးကို တစ်နေ့ ၂၀၀၀၀ သောင်းကျပ်ပေးရတယ်။ တစ်ဧကမှာ ၄ ယောက်လောက်လိုတယ်။ အခုကြုံတွေ့နေရေတာက  မျိုးစပါးအခက်အခဲ ရှိတယ်။  ထွန်စက် မလုံလောက်ဘူး။ အလုပ်သမားရှားပါတယ်။ အဲ့ဒါတွေ အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်"လို့ ပြောပါတယ်။ လက်ရှိမှာ မောင်တောမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ၂၀၂၀ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေတွေကို ဇူလိုင် ၂၄ ရက်မှ ဇူလိုင် ၃၁ နေ့အထိ ချေးငွေတွေ ထုတ်ချေးနေပါတယ်။ ဒါ့အပြင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ လယ်တစ်ဧကကို ပုံမှန်ချေးငွေ ၁သိန်းခွဲအပြင် အခုနှစ် COVID-19 Special Relief Loan ကာလအဖြစ် တစ်ဧကကို ၅ သောင်းနှုန်းအပို ထုတ်ချေးပေးနေပေးနေပါတယ်။ ဒါပေမဲ့ လယ်ထွန်ယက်စရိတ်၊ စိုက်ပျိုးစရိတ်၊ မြေသြဇာစရိတ်တွေ မြင့်တက်နေတာကြောင့် ချေးငွေနဲ့ မလုံလောက်ဘဲ စပါးစျေးလည်း မကောင်းတဲ့အတွက် အရှုံးနဲ့သာ ရင်ဆိုင်နေရကြောင်း တောင်သူ ဦးကြီးကိုသာဇံလှက ပြောပါတယ်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (မြို့နယ်ဘဏ်ခွဲ) မြို့နယ်မန်နေဂျာ ဦးကံထွန်းအောင်က တော့ "မူလသမာရိုးကျချေးငွေကတော့ တစ်ဧကကို တစ်သိန်းခွဲပါပဲ။  ဒါပေမဲ့ ဒီနှစ်မှာ COVID-19 Special Relief Loan အဖြစ်တစ်ဧကကို ငါးသောင်းနှုန်းနဲ့ ထုတ်ချေးဖို့ ညွှန်ကြားတဲ့အတွက် တစ်ပါတည်း ထုတ်ချေးနေပါတယ်။ ဒီချေးငွေနဲ့ မလုံလောက်ဘူးဆိုတာ လယ်သမားတွေ တင်ပြကြတာ ရှိပါတယ်။ ကျနော်တို့ကလည်း ရုံးချုပ်ကနေ သတ်မှတ်ချက်အတိုင်း ချေးရတာဖြစ်တယ်။ စိုက်ပျိုးစရိတ်ချေးငွေ မလုံလောက်ဘူး ဆိုတာ လွှတ်တော်အထိ ရောက်နေတာရှိပါတယ်။ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်နဲ့ နောင်နှစ်တွေမှာ တိုးချဲ့ဖို့ ဖြစ်ချင်ဖြစ်လာနိုင်ပါတယ်"လို့ ​ပြောပါတယ်။ မောင်တောမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က မောင်တောမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးဖို့ ကျေးရွာအုပ်စု ၁၉ အုပ်စုရှိ စိုက်ပျိုးမြေဧက ၂၅၄၃ ဧက ၊ တောင်သူဦးရေ ၇၉၆ ဦး တို့အတွက် ငွေကျပ်သိန်း​ ၃၈၁၄၅၀၀၀၀ ကျပ် ထုတ်ချေးနေပြီး မိုးစပါးတစ်ဧကကို ချေးငွေကျပ် တစ်သိန်းခွဲ နှုန်းနဲ့ ထုတ်ချေးနေပါတယ်။ ၂၀၁၇ ခုနှစ် အကြမ်းဖက်ဖြစ်စဉ်တွေ မဖြစ်ခင် ၂၀၁၆-၁၇ မိုးစပါးစိုက် ဧက ၃၀၂၂ ကျေးရွာအုပ်စု ၁၈ စု ချေးငွေ ၄၅၃၃၀၀၀၀၀ သိန်း၊ တောင်သူဦးရေ ၇၉၆ ဦးအထိထုတ်ချေး ခဲ့ကြောင်း မောင်တောမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က သိရပါတယ်။ သတင်း -လင်းလက်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024