ဟင်္သာတခရိုင်တွင် မိုးနည်းသဖြင့် မိုးစပါးစိုက် လယ်သမားများ အခက်အခဲကြုံနေ
DVB
·
July 26, 2020
ဟင်္သာတခရိုင်အတွင်းရှိ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ၊ အင်္ဂပူ၊ မြန်အောင်နဲ့ ကြံခင်းမြို့နယ်တွေမှာ မိုးရွာသွန်းမှု နည်းပါးနေတာကြောင့် စပါးတွေကို ရေတင်စိုက်နေရပြီး စိုက်ချိန်နောက်ကျတာကြောင့် မိုးစပါးစိုက် လယ်သမားတွေ အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။
မြန်အောင်မြို့နယ်မှ လယ်သမား ဦကျော်မြင့်က “ပထမမိုးနဲ့တော့ နည်းနည်းစိုက်လိုက်ရတယ်။ အခု အမြင့်ပိုင်းလယ်တွေကို ရေတင်ပြီး စိုက်ရတယ်လေ။ အခု စိုက်ပြီးသားတွေပါ ရေငတ်ကုန်ပြီ။ ကြာရင် စပါးတွေ သေနိုင်တယ်။ ငွေကြေးမတတ်နိုင်တဲ့သူတွေကတော့ ဒီအတိုင်း ကြည့်နေရတယ်။ မိုးရွာမှ စိုက်ပေါ့ဗျာ။ ခုတောင် နောက်ကျနေပြီ။ နောက်ကျရင် ရိတ်သိမ်းချိန်ကျ အထွက်နှုန်း နည်းမယ်လေ။ အများကြီးပေါ့ဗျာ။ နောင်နှစ်ကတော့ ကျနော်တို့ လယ်သမားအတွက် မတွေးဝံ့စရာပဲ” လို့ ပြောပါတယ်။
ဟင်္သာတခရိုင်အတွင်းမှာ သက်ငယ် မနောသုခ စပါးမျိုးအုပ်စုနဲ့ ဧရာမင်း သက်လတ်စပါးအုပ်တွေကို အများဆုံးစိုက်ပျိုးပြီး အနိမ့်ပိုင်း ရေများများရတဲ့ လယ်တွေမှာတော့ ကောက်ကြီးစပါးတို့ကို စိုက်ပျိုးနေကြတာပါ။
မြေနေရာလိုက်ပြီး ၁ ဧက ပျှမ်းမျှ ၇၅ တင်းနဲ့ ၁၀၀ ကြား ထွက်ရှိပါတယ်။ အခုလက်ရှိ မနှစ်က မိုးစပါးအဟောင်းပေါက်စျေးကတော့ ဧရာမင်းအုပ်စုကို ၆ သိန်းဝန်းကျင် အရောင်းအဝယ် ဖြစ်နေပြီး ဆန်စျေးကတော့ ကျနေတယ်လို့ သိရပါတယ်။
အင်္ဂပူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲရင့်လှိုင်က “ရေအရင်းအမြစ် ဆည်မြောင်း ကျေးလက်ဦးစီးဌာနတို့ကို တတ်နိုင်တဲ့နည်းနဲ့ ကူညီပေးဖို့ စာထုတ်တယ်။ လောလောဆယ်တော့ မိုးပဲ အပြစ်ပြောရမလို ဖြစ်နေတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဟင်္ဟာတခရိုင်ထဲက အင်္ဂပူ၊ မြန်အောင်၊ ကြံခင်း တို့မှာ ဆည်ရေသောက် နွေစပါး စိုက်ပျိုးနေကြပါတယ်။
ဟင်္ဟာတခရိုင်ရှိ ၆ မြို့နယ်မှာ မိုးစပါးစိုက်ဧက ၁ သိန်းကျော်လောက်ရှိပြီး လက်ရှိ ဧက ၃ သောင်းကျော်လောက် စိုက်ပျိုးဖြစ်ထွန်းဖို့ ခက်ခဲနေကြတာပါ။ အနိမ့်ပိုင်း ရေရရှိတဲ့နေရာတော့မှာ ရေစုပ်စက်နဲ့ ရေတင်စိုက်ပျိုးလို့ရပေမယ့် ရေတင်လိုမရတဲ့နေရာတွေမှာ စိုက်ပျိုးဖို့ ခက်ခဲနေကြရတာပါ။