၂၀၂၀ ရွေးကောက်ပွဲအတွက် ရန်ကုန်တိုင်းတွင် ဆန္ဒမဲပေးခွင့်ရှိသူ ၅ ဒသမ ၈ သန်းခန့်ရှိ
DVB
·
July 17, 2020
လာမယ့်၂၀၂၀ ရွေးကောက်ပွဲအတွက် ရန်ကုန်တိုင်းမှာ အသက် ၁၈ နှစ်ပြည့်ပြီး မဲပေးနိုင်မယ့် ဦးရေက ၅ ဒသမ ၈ သန်းဝန်းကျင်လောက်ရှိတယ်လို့ ရန်ကုန်တိုင်းအစိုးရ လဝက ဝန်ကြီးက ပြောပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံးမဲပေးခွင့်ရှိသူတွေရဲ့ အခြေခံမဲစာရင်းကို ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၇ ရက်အထိ ၁၄ ရက်တာအတွင်း သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာတွေက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွေကနေ ကြေညာပေးတော့မှာပါ။
ရန်ကုန်တိုင်းလဝက ဝန်ကြီး ဒေါ်မိုးမိုးစုကြည် က “မဲစာရင်းမှာမပါသူတွေအနေနဲ့ မဲပေးခွင့်ရမှာမဟုတ်ဘဲမဲပေးခွင့်မဆုံးရှုံးစေဖို့ ပြည်သူတွေ အနေနဲ့ မဲစာရင်းတွေ သွားရောက်ကြည့်ရှု ဖို့ လိုပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာဆိုရင်လည်း လက်ရှိ ကောက်ခံထားပြီးတဲ့စာရင်းတွေအရ အသက် ၁၈ နှစ်ပြည့်ပြီး မဲပေးနိုင်သူဦးရေက ၅ ဒသမ ၈ သန်း လောက်မှာ ရှိနေတယ်” လို့ ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲအတွက် လက်ရှိကောက်ခံထားတဲ့ ရန်ကုန်တိုင်းရဲ့ လူဦးရေစာရင်းက ဒီဇင်ဘာလမှ အသက် ၁၈ နှစ်ပြည့်မယ့်သူတချို့ ပါဝင်တာလည်းရှိတာမို့ အနည်းငယ်လျော့နည်း တာတော့ ရှိနိုင်ပါတယ်။
တချို့ဆို မှတ်ပုံတင်လိုအပ်ချက်တွေကြောင့်ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတုန်းကလည်း ရှိတဲ့ လူဦးရေနဲ့ မဲထည့်သူဦးရေက အလွန်နည်းနေတာတွေ တွေ့ခဲ့ရလို့ အခု ၂၀၂၀မှာ လည်း နိုင်ငံသားတွေရဲ့အခွင့်အရေး မဆုံးရှုံးအောင်ဆောင်ရွက်ပေးဖို့ လွှတ်တော်ကိုယ်စားလှယ်တွေက မှတ်ချက်ပြုပြောဆိုတာ တွေလည်း ရှိနေပါတယ်။
လက်ရှိမှာ ရန်ကုန်တိုင်း မဲစာရင်းမှာ မှတ်ပုံတင်နံပါတ်မဖြည့်ရသေးသူ ၂ သိန်းလောက်ရှိနေတာပါ။ ဒါကြောင့်မှတ်ပုံတင်လိုအပ်ချက်မြင့်နေတဲ့ မြို့နယ်ရပ်ကွက်ကျေးရွာ တွေကို ၂ လတာ သစ္စာစီမံချက်တွေနဲ့ မှတ်ပုံတင်လုပ်ပေးနေပါတယ်။
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံးအတိုင်းအတာအရ ပထမအကြိမ်မဲပေးနိုင်မယ့် လူငယ် ၄ သန်းလောက်ရှိမယ်လို့ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ခန့်မှန်းထားပါတယ်။
သတင်း - ဇာခြည်