ရီးရဲလ်မက်ဒရစ်အသင်း ယခုနှစ်လာလီဂါ ချန်ပီယံဖြစ်ရန် နီးစပ်လာ 

ဂရန်နာဒါအသင်းကို ခက်ခက်ခဲခဲ ကစားပြီး အနိုင်ရရှိခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ လာလီဂါ ချန်ပီယံဆုကို ဆွတ်ခူးဖို့အတွက် ၂ မှတ်ပဲ လိုတော့တဲ့ အနေအထားကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။  ဒီပွဲစဉ်မှာ ရီးရဲလ်အသင်းအတွက် အဖွင့်ဂိုးကို နောက်ခံလူ မန်ဒီက ထောင့်ကျဉ်း အနေအထားကနေ သွင်းယူခဲ့တာဖြစ်ပြီး ဘန်ဇီမာက ဒုတိယမြောက်ဦးဆောင်ဂိုးကို ရယူပေးခဲ့ပါတယ်။ ပထမပိုင်းမှာ ၂ ဂိုးအသာနဲ့ ဦးဆောင်နေတဲ့ ရီးရဲလ်အသင်းဟာ ဒုတိယပိုင်းမှာတော့ ဂရန်နာဒါအသင်းရဲ့ တုံ့ပြန်မှုကို ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရပြီး မိနစ် ၅၀ မှာ ချေပဂိုး ၁ ဂိုးကို ခွင့်ပြုပေးခဲ့ရပါတယ်။  ဂရန်နာဒါ ကစားသမား ဒါဝင်မတ်ချစ်က ဂိုးသမား ကော်တိုရစ်ကို ကျော်ဖြတ်ယူသွားခဲ့တာ ဖြစ်ပါတယ်။  ဒီပွဲ အနိုင်ရလဒ်ကြောင့် ရီးရဲလ်အသင်းဟာ နှစ်ပွဲသာ ကစားဖို့ ကျန်ရှိတော့တဲ့အချိန်မှာ ဒုတိယနေရာက ဘာစီလိုနာအသင်းနဲ့ အမှတ်ကွာဟချက် ၄ မှတ်အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုမှာလည်း အသာရရှိထားတာကြောင့် ရီးရဲလ်အသင်းဟာ လာလီဂါဖလားကို ဆွတ်ခူးဖို့ဆိုရင် ကျန်ရှိနေတဲ့ ၂ ပွဲကနေ ၂ မှတ် ရယူနိုင်ဖို့ပဲ လိုအပ်တော့မှာ ဖြစ်ပါတယ်။ ပွဲကျန် ၂ ပွဲက ပထမပွဲကို ကြာသပတေးနေ့မှာ အဆင့် ၅ နေရာ‌က ဗီလာရီးရဲလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နောက်ဆုံးပွဲစဉ်ကိုတော့ တန်းဆင်းရမယ့်အန္တရာယ်ရှိနေတဲ့ လီဂါနက်အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။  ဒီနှစ်သင်းစလုံးဟာ ရီးရဲလ်အသင်းအတွက် အနိုင်ယူဖို့ လွယ်ကူတဲ့အသင်းတွေလို့ မဆိုနိုင်ပေမဲ့ ဒီ ၂ ပွဲစလုံးကို လုံးဝအရှုံးခံမှာမဟုတ်တဲ့ အနေအထားကြောင့် ရီးရဲလ်အသင်းဟာ လာလီဂါဖလားကို ဆွတ်ခူးဖို့ တော်တော်လေး သေချာသလောက် ရှိနေပြီပဲ ဖြစ်ပါတယ်။ ရီးရဲလ်အသင်းနည်းပြ ဇီဒန်းက “ကျနော်တို့ ပျော်ပျော်ရွှင်ရွှင်နဲ့ ကြာသပတေးနေ့အတွက် အားမွေးထား ဖို့လိုအပ်ပါတယ်။ ကျနော်တို့ အင်္ဂါနေ့မှာ လေ့ကျင့်ခန်းပြုလုပ်ပြီး ကြာသပတေးနေ့မှာ ပွဲကစားရမှာ ဖြစ်ပါတယ်။ ပွဲပြီးခါနီး နောက်ဆုံးမိနစ်တွေဟာ ကျနော်တို့အတွက် တော်တော်လေး ခက်ခဲခဲ့ပြီး ဂရန်နာဒါအသင်းကြောင့် ဒုတိယပိုင်းမှာ ကျနော်တို့ ခံစစ်ကို ပိုပြီးအားပြုခဲ့ရပါတယ်” လို့  ပြောပါတယ်။ ဇူလိုင် ၁၃ ရက်နေ့ နိုင်ပွဲဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ၉ ပွဲဆက်တိုက် နိုင်ပွဲလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up