ဧရာဝတီတိုင်းတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ကလေးငယ် ၂၈၀ ကျော်ရှိလာ၊ ၁ ဦး သေဆုံး
DVB
·
July 11, 2020
ဧရာဝတီတိုင်းအတွင်း ဇူလိုင် ပထမပတ်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ကလေးငယ်ဦးရေ ၂၈၀ ကျော်ရှိပြီး ကလေးငယ် ၁ ဦးကတော့ သေဆုံးခဲ့တယ်လို့ တိုင်းကျန်းမာရေးဦးစီးဌာနဦးစီးမှူး ဒေါက်တာသန်းထွန်းအောင်က ပြောပါတယ်။
သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်းဟာ မနှစ်ကနဲ့ နှိုင်းယှဉ်ရင် နည်းပေမဲ့ ဇူလိုင် ၉ ရက်နေ့ထိ စာရင်းတွေအရ ရောဂါဖြစ်ပွားတဲ့ ကလေးငယ်ဦးရေ ၂၈၆ ဦးထိ ရှိတယ်လို့ ဆိုပါတယ်။
“မနှစ်က ဒီချိန်ဆို တော်တော်များနေပြီ။ ဒီနှစ်ကတော့ ပုံမှန်တိုင်းဆို ဇူလိုင် တတိယပတ်က အများဆုံးဖြစ်တဲ့ အချိန်ပါ။ ခုတော့ ၂၈၆ ဦးပဲ ရှိသေးတယ်ဆိုတော့ ဒီလအတွင်းကို ကောင်းကောင်းလုပ်လိုက်ရင် ကျနော်တို့ ကလေးတွေ သွေးလွန်တုပ်ကွေးအန္တရာယ်က ကင်းဝေးမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
သွေးလွန်တုပ်ကွေးအများဆုံးဖြစ်ပွားတဲ့ မြို့နယ်တွေကတော့ ဟင်္သာတ၊ မအူပင်၊ အင်္ဂပူ၊ ကျုံပျော်၊ ပုသိမ်မြို့နယ်တွေဖြစ်ပြီး အင်္ဂပူမြို့နယ်ထဲက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခဲ့တဲ့ ကလေးငယ်တဦးကတော့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းအတွင်းမှာ မြို့နယ် ၂၆ မြို့နယ်ရှိပြီး မြို့နယ်အားလုံးမှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားတဲ့ ကလေးငယ်တွေရှိနေတယ်လို့ တိုင်းကျန်းမာရေးဦးစီးဌာနရဲ့ စာရင်းမှတ်တမ်းတွေ အရသိရပါတယ်။
ဧရာဝတီတိုင်းမှာ ၂၀၁၉ ခုနှစ်အတွင်းက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခဲ့လို့ ကလေးငယ် ၁၁ ဦး သေဆုံးခဲ့ပြီး သွေးလွန်တုပ်ကွေးအများဆုံးဖြစ်ပွားတဲ့ မြို့နယ်တွေကတော့ ဇလွန်၊ ဟင်္သာတ စတဲ့မြို့နယ်တွေမှာ ရောဂါအများဆုံး ဖြစ်ပွားခဲ့တာပါ။
မင်းထက်မုန်း (ပုသိမ်)