ပါတီဝင်အင်အား မစည်းရုံးနိုင်သဖြင့် ၈၈ မျိုးဆက် ညီနောင်ပါတီကို ပယ်ဖျက်
ပိုင်စိုး
·
July 7, 2020
ပြီးခဲ့တဲ့ လပိုင်းက မှတ်ပုံတင်ခွင့်ပြုခဲ့တဲ့ ၈၈ မျိုးဆက် ညီနောင်ပါတီကို သတ်မှတ်ထားတဲ့ ပါတီဝင်အင်အား မစည်းရုံးနိုင်တာကြောင့် နိုင်ငံရေးပါတီအဖြစ်ကနေ ပယ်ဖျက်လိုက်ပါတယ်။
ဒီ ပါတီကို ၂၀၂၀ ပြည့်နှစ် မတ် ၂၄ ရက်မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုခဲ့တာပါ။
နိုင်ငံရေးပါတီတွေ မှတ်ပုံတင်တဲ့ နည်းဥပဒေအရ ပြည်ထောင်စုတဝန်းလုံးမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် ပါတီတွေအနေနဲ့ မှတ်ပုံတင်ခွင့်ရပြီး ရက်ပေါင်း ၉၀ အတွင်း အနည်းဆုံးပါတီဝင် အယောက် ၁၀၀၀ ရအောင် စည်းရုံးရမှာဖြစ်ပါတယ်။
ဒါပေမယ့် ဒီပါတီအနေနဲ့ သတ်မှတ်ပါတီဝင်အင်အားမရခဲ့တာကြောင့် ဇူလိုင် ၂ ရက်နေ့မှာ လုပ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အစည်းအဝေးကနေ ပယ်ဖျက်ဖို့ ဆုံးဖြတ်ခဲ့ပြီး ဇူလိုင် ၆ ရက်ကစလို့ ဖျက်သိမ်းလိုက်ရပြီ ဖြစ်ပါတယ်။
ဒါကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့စာရင်းအရ လက်ရှိမှာ နိုင်ငံရေးပါတီ ပေါင်း ၉၆ ခု ရှိပါတယ်။