Homeမြန်မာသတင်း
တာချီလိတ်တွင် ငွေကျပ် ၂၇ ဘီလီယံနီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့်လက်နက်များ သိမ်းဆည်းရမိ
တာချီလိတ်တွင် ငွေကျပ် ၂၇ ဘီလီယံနီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့်လက်နက်များ သိမ်းဆည်းရမိ
DVB
·
June 29, 2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ ရေပူစမ်းကျေးရွာ အနောက်မြောက်ဘက် မီတာ ၄၀၀၀ ခန့်အကွာမှာ ငွေကျပ် ၂၆ ဒသမ ၉ ဘီလီယံလောက် တန်ဖိုးရှိ ယစ်ဆေးဝါးနဲ့ လက်နက်၊ ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဒီနေ့မနက် ၄ နာရီခွဲလောက်က သတင်းအရ ရေပူစမ်းကျေးရွာရဲ့ အနောက်မြောက်ဘက်မီတာ ၄၀၀၀ ခန့်အကွာရှိ ဝါးရုံပင်အနီး ရှာဖွေစစ်ဆေးရာ မသင်္ကာဖွယ်ရာ မိုးကာပလတ်စတစ် အိတ်အစအား တွေ့ရှိပြီး တူးဖော်ရာမှ ဖမ်းဆီးမိခဲ့တာလို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
မြေကြီးအတွင်း မြှုပ်နှံထားတဲ့ ဆာလာအိတ် အလုံး ၆၀ အတွင်းမှာ ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၆ ဒသမ ၉ ဘီလီယံလောက်တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွဆေးပြား ၆,၄၈၀,၀၀၀ ပြားခန့်၊ စိတ်ကြွဆေးပြားအကြေ (ရေစိုပုံစံပျက်) ၁၁၄၈ ကီလိုဂရမ်ခန့်၊ AK မောင်းပြန်ရိုင်ဖယ် ၁ လက်၊ ကျည်အိမ် ၁ ခုနဲ့ ကျည် ၂၅ တောင့်၊ ပွိုင့်-၂၂ သေနတ် ၂ လက်၊ ၂ လုံးပြူး သေနတ် ၁ လက်၊ ကျည် ၅ တောင့်၊ ၁ လုံးထိုး သေနတ် ၂ လက်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
သိမ်းဆည်းရမိ လက်နက်၊ ခဲယမ်းတွေနဲ့ မူးယစ်ဆေးဝါးတွေကို သက်ဆိုင်ရာကို လွှဲပြောင်းအပ်နှံသွားမယ်လို့ တပ်မတော်က ထုတ်ပြန်ထားပါတယ်။