ရေး-ထားဝယ်သွား ကားလမ်းပေါ်၌ ယာဉ်တိုက်မှု ၃ နေရာ ဖြစ်ပွား
DVB
·
June 29, 2020
မွန်ပြည်နယ်၊ ရေးမြို့ ရေး-ထားဝယ်ကားလမ်းမှာ ဇွန် ၂၈ ရက်နေ့ တညတည်း မော်တော်ယာဉ်တိုက်မှု ၃ နေရာ ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေ ရှိတယ်လို့ ယာဉ်ထိန်းရဲတွေက ပြောပါတယ်။
ရေး-ထားဝယ်သွားကားလမ်း တနင်္သာရီလမ်းမကြီးရှိ တပ္ပလင် နှစ်ဆူမီးပွိုင့်နေရာမှာ ယာဉ်ကြောလမ်းပြ ဘလောက်တုံးများ ကြွေမွပျက်စီးတဲ့အထိ အမည်မသိယာဉ်တစီးက တိုက်ပြီး မောင်းနှင်ထွက်ပြေးသွားကာ ယာဉ်မောင်းကို စုံစမ်းနေတယ်လို့ ယာဉ်ထိန်းရဲတွေက ပြောပါတယ်။
ရေး-ထားဝယ်ကား အဏ္ဏဝါတံတား ရေချောင်းဘေးကိုလည်း လိုင်စင်မဲ့ယာဉ်တစီး ထိုးကျပြီး ယာဉ်မောင်းက တိမ်းရှောင်သွားခဲ့တာကြောင့် လိုင်စင်မဲ့ယာဉ်ကို ရေးမြို့မရဲစခန်းမှာ သိမ်းဆည်းထားပါတယ်။
ရန်ကုန်-မော်လမြိုင်-ရေးပြေးဆွဲနေတဲ့ အောင်ကျော်မိုး ခရီးသည်တင် မှန်လုံယာဉ်နဲ့ ကံကောင်းခြင်းရတနာထပ်သားစက်ရုံရဲ့ ယာဉ်တို့ အဏ္ဏဝါ အဝေးပြေးယာဉ်ရပ်နားစခန်း အနီးနားမှာ မျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်နောက်လိုက် ၁ ဦးနဲ့ အထပ်သား စက်ရုံ အ၀ယ်တော်ကားမှ လိုက်ပါလာသူ ၂ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ဖြစ်စဉ်တွေနဲ့အတူ ရေးမြို့မရဲစခန်းမှ ယာဉ်မဆင်မခြင်မောင်းနှင်တဲ့ ယာဉ်မောင်းတွေ ကို ဥပဒေအရ အရေးယူသွားမည်လို့ သိရပါတယ်။
နေမျိုးထွဋ်