Home
မြန်မာသတင်း
ကယားပြည်နယ်တွင် သံသယနှင့် စောင့်ကြည့်လူနာ ၈၀ ဦးအနက် ၅ ဦးသေဆုံး
နော်နိုရင်း
·
June 26, 2020
ကယားပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ တစ်ဦးမှ မတွေ့ရှိသေးပေမဲ့   ဖေဖော်ဝါရီ ၁ ရက်မှ  ဇွန် ၂၀ ရက်အထိ သံသယနဲ့ စောင့်ကြည့်လူနာ ၈၀ ရှိခဲ့ပြီး အဲဒီထဲက ၅ ဦး သေဆုံးသွားခဲ့တယ်လို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးမှူး ဒေါက်တာဌေးလွင်က ပြောပါတယ်။ “ဆရာတို့ဆီမှာ ၁ ရက် ၂လကနေစပြီးတော့ ၂၀ ရက် ၆ လအထိ အဲဒီ ၅ လအတွင်းမှာ ဆေးရုံတက်ပြီးတော့ ကိုဗစ်ဖြစ်နိုင်ချေရှိတဲ့ ကိုဗစ် သံသယစောင့်ကြပ်ကြည့်ရှုတဲ့လူနာပေါ့ PUI လို ဆရာတို့ခေါ်ပါတယ်။ အဲဒီလူနာအားလုံး ၈၀ ရှိပါတယ်။ အခုချိန်ဆိုရင် လွိုင်ကော်ဆေးရုံကြီးနဲ့ ကျန်တဲ့ဆေးရုံတွေမှာ သံသယလူနာ ဒီစောင့်ကြပ်ကြည့်ရှုတဲ့လူနာ မရှိတော့တာ ၁၀ ရက်ကျော်ရှိသွားပြီ လုံးလုံးမရှိဘူး။ ဒီ ၈၀ မှာတော့ အကုန်လုံးလည်း စစ်နိုင်တယ်။ အကုန်လုံးလည်း ဆေးရုံဆင်းသွားပြီ။ ဒီထဲကနေပြီးတော့ ဆရာတို့ ပိုးမတွေ့ဘူး။ ဒါပေမဲ့ ဆေရုံတက်ပြီးတော့ ဆုံးသွားတာလည်း ၅ ယောက်ရှိပါတယ်။ ပထမတော့ ဖျားတယ်၊‌ ချောင်းဆိုးတယ်ပေါ့၊ ဒါပေမဲ့ သူတို့ရဲ့ နဂိုရောဂါအခံ ရှိတာနဲ့ ကိုဗစ်ပိုးလည်းမတွေ့ပါဘူး။ ဒါပေမဲ့ ဆုံးသွားတာ ၅ ယောက်ရှိတယ်။ ကျန်တဲ့ လူတွေကတော့ ဆေးရုံကနေ ဆင်းသွားပြီ။” ဒါ့အပြင်ပြည်ပကနေ ပြန်လည်ဝင်ရောက်လာသူ ၁၃၀ ကျော်ကိုလည်း Facility Quarantine စင်တာတွေမှာ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုထား ကြောင်းလည်း ပြောပါတယ်။ “ဆရာတို့ဒီမှာတော့ ထိုင်းက ပြန်လာတဲ့လူဆိုရင် မြဝတီကနေ ဝင်လာတဲ့လူတွေရှိတယ်။ တခြား မယ်စဲ၊ ရှားတောကနေ ဝင်လာကြတဲ့လူတွေရှိတယ်။ ဆရာတို့ လွိုင်ကော်ကို ဝင်လာတဲ့ ထိုင်းပြန်တွေအားလုံး ပညာရေးကောလိပ်မှာထားတယ်ပေါ့။ အထူးသဖြင့်တော့  ၂ မြို့နယ်ပေါ့။ ဒီးမော့ဆိုမှာဆိုရင် စိုက်ပျိုးရေးသိပ္ပံမှာထားတယ်ပေါ့။ ဘာလို့လဲဆိုတော့ လူက အဲဒီမှာ တစ်ယောက် တစ်ခန်းသို့မဟုတ် နှစ်ယောက် တစ်ခန်း နေနိုင်တယ်။ အိမ်သာရေချိုးခန်းတွေလည်း အများကြီးရှိတဲ့ အတွက် နိုင်နိုင်နင်းနင်းရှိတဲ့နေရာမှာ ထားတယ်။ အခုလက်ရှိ လွိုင်ကော်ပညာရေးကောလိပ်မှာ ၈၀ ကျော်ရှိတယ်။ ဒီးမော့ဆို စိုက်ပျိုးရေးသိပ္ပံမှာ ၅၀ ကျော်ရှိတယ်ပေါ့။ ” ကယားပြည်နယ်အတွင်းမှာ ပြည်တွင်းပြည်ပကနေ ပြန်လာတဲ့သူတွေကို ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ  လူဦးရေ ၆၀၀ ကျော်ကို ဓာတ်ခွဲစစ်ဆေးခဲ့ပြီး ရောဂါပိုးတွေ့ရှိထားသူ မရှိဘူးလို့လည်း ဆိုပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ  မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာစုစုပေါင်း  ၂၉၃ ဦးရှိပြီဖြစ်ပြီး ၆ ဦးသေဆုံးသွားပါတယ်။ အဲဒီထဲမှာ ကယားပြည်နယ်ဟာ ရောဂါပိုးတွေ့ရှိမှုမရှိသေးပါဘူး။ ကယားပြည်နယ်အတွင်း ရောဂါပိုး မတွေ့ရသေးတာဟာ အသွားအလာနည်းနေတာပါဝင်သလို စနစ်တကျ ထိန်းချုပ်ဆောင်ရွက်ခဲ့ပြီး ကံကောင်းနေသေးလို့ ဖြစ်တယ်လို့‌ ဒေါက်တာဌေးလွင်က ပြောပါတယ်။ “ဆရာတို့ ပထမတုန်းကတော့ တရုတ်ပြည်က ပြန်လာတဲ့လူတွေကို တခြားတိုင်းနဲ့ ပြည်နယ် အသီးသီးနဲ့ ချိတ်ဆက်ပြီးတော့ ဝင်ဝင်လာချင်းသိအောင် ဆရာတို့က ဆောင်ရွက်တယ်။ အဲလို ပူးပေါင်းဆောင်ရွက်ပြီးတော့ ကျန်တဲ့‌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစိုးရအဖွဲ့ဦးဆောင်မှုနဲ့အတူ တခြားပြည်နယ်တိုင်းက ကျန်းမာရေးဌာနတွေရဲ့ သတင်းပေးပိုချက်တွေနဲ့ ဒီလူတွေကို  Quarantine ထဲဝင်အောင် ဆရာတို့က ထည့်တယ်။ အဲဒါအခုချိန်ထိပဲ ဆရာတို့က ဆောင်ရွက်တယ်။ ဆရာတို့မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ပိုးစတွေ့တဲ့အချိန်မှာ ပြည်တွင်းပြန်တွေကိုပါ တခြားရောဂါဖြစ်တဲ့ နေရာက ပြန်လာတဲ့သူပါ ဆရာတို့က Quarantine လုပ်တယ်။ တကယ့်တကယ် ရောဂါ မတွေ့ဘူးဆိုတာကလည်း ဆရာတို့ပြည်နယ်လေးလည်း သေးသေးလေးဖြစ်တယ်။ လူဦးရေကလည်း နည်းတယ်။ ခရီးသွားလာမှုပြောရင်တော့ တခြားမြို့ကြီးတွေနဲ့ယှဉ်ရင် နည်းတာပေါ့။ နောက်တချက်ကတော့ ကံကောင်းနေသေးတယ်လို့ပဲ ပြောရမှာပေါ့။” ကယားပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်ပြီး ဇွန်လ ၂၅ ရက်နေ့အထိ သံသယရှိလူနာအဖြစ် ဆေးရုံမှာ စောင့်ကြပ်ကြည့်ရှုမှု ခံယူနေသူ မရှိတော့ဘူးလို့လည်း ပြည်နယ် အစိုးရက ထုတ်ပြန်ထားပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024