ပင်လည်ဘူးမြို့နယ်တွင် ငွေကျပ်သိန်း ၂၃,၈၇၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
DVB
·
June 26, 2020
စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ်မှာ ငွေကျပ်သိန်း ၂၃,၈၇၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တွေဟာ ပင်လည်ဘူးမြို့နယ်၊ ပင်လည်ဘူး-ကောလင်းသွားကားလမ်း၊ မိုင်တိုင်အမှတ်(၈၇/၅) မှာ ဇွန် ၂၄ ရက်နေ့ မနက် ၁၁ နာရီအချိန်က မော်တော်ဆိုင်ကယ် ၄ စီးနဲ့ ရောက်ရှိလာကြတဲ့ ရှောက်ဖျင်၊ ကြာတယ်၊ ရန်လောက်နင်နဲ့ ရန်ဆင်းလုံတို့ ၄ ဦးတို့နဲ့ SURF အမျိုးအစား မော်တော်ယာဉ် ၁ စီးအား ရပ်တန့်ခိုင်းစဉ် SURF ယာည်က မောင်းနှင်ထွက်ပြေးသွားလို့ လိုက်လံဖမ်းဆီးခဲ့ပါတယ်။
မော်တော်ယာဉ်အား ပင်လည်ဘူးမြို့ရဲ့ မြောက်ဘက် ၂ မိုင်ခန့်အကွာရှိတောထဲမှာ ယာဉ်မောင်းအားမတွေ့ရှိဘဲ ရပ်တန့်ထားတာကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ယာဉ်အားရှာဖွေရာ ယာဉ်နောက်ခန်းအတွင်း ဆာလာအိတ်များနဲ့ ထည့်ထားတဲ့ ငွေကျပ်သိန်း ၂၃,၈၇၀ တန်ဖိုးရှိ ဘိန်းဖြူ ၁၇ ဒသမ ၆ ကီလိုနဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၅,၄၀၀ ပြား သိမ်းဆည်းရမိခဲ့ပါတယ်။
ရှောက်ဖျင်၊ ကြာတယ်၊ ရန်လောက်နင်၊ ရန်ဆင်းလုံတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။