Home
မြန်မာသတင်း
ဆိုင်ကလုန်းမဟာစင်အတွက် ဂူဂဲလ်က အကူအညီပေးရန် ဆွေးနွေးနေ
DVB
·
May 16, 2013
မဟာစင်ဆိုင်ကလုန်းနဲ့ ပတ်သက်ပြီး အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီ ဂူဂဲလ်က အကူအညီပေးမယ်လို့ ပြောလာတဲ့အတွက် ဆိုင်ကလုန်းအတွက် လုပ်ဆောင်နေတဲ့ မြန်မာပြည်က အစိုးရဌာနတွေနဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးဌာန (OCHA) တို့ကို  ချိတ်ဆက် လုပ်ဆောင်နေပါတယ်။ မဟာစင်ဆိုင်ကလုန်းအတွက် ဂူဂဲလ်က အကူအညီပေးမယ်လို့ ပြောလာတဲ့အတွက် ဂူဂဲလ်ရဲ့ ဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေးအသင်းနဲ့ မြန်မာပြည်က အစိုးရဌာနတွေ၊ ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေး ဌာနတွေနဲ့ အဆက်အသွယ် လုပ်ဆောင်ပေးနေတယ်လို့ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း အတွင်းရေးမှူး ဦးသောင်းစုငြိမ်းက ပြောပါတယ်။ အခုချိန်အထိတော့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေဆဲဖြစ်တဲ့အတွက် ဘာအကူအညီတွေ ပေးမလဲဆိုတာကိုတော့ အတိအကျ ပြောလို့ မရသေးဘူးလို့ သူက ရှင်းပြပါတယ်။ အကူအညီတွေ ပေးဖြစ်မယ်ဆိုပါက ဂူဂဲလ်ထံကနေ ရလာနိုင်တဲ့ အကူအညီတွေနဲ့ ပတ်သက်ပြီးတော့ ဦးသောင်းစုငြိမ်းက အခုလို ရှင်းပြပါတယ်။ “ဂူဂဲလ်မှာရှိတာက ဂြိုဟ်တုပုံရိပ်တွေရှိတယ်။ ဂြိုဟ်တုပုံရိပ်တွေဟာ ဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုတွေအတွက်ရယ်၊ မုန်တိုင်းဖြတ်သွားပြီးချိန်မှာ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး၊ ဆိုင်ကလုန်းထိခိုက်မှု ဘယ်လောက်ရှိလဲဆိုတာ ပြန်သုံးသပ်ရာမှာ အများကြီး အထောက်အကူပြုနိုင်ပါတယ်။ ဂြိုဟ်တုဓာတ်ပုံရနိုင်တာ တခုရှိတယ်။” တခြားနိုင်ငံတွေမှာ ဆူနာမီနဲ့ ဆိုင်ကလုန်းတွေ တိုက်ခတ်သွားပြီးတဲ့အခါ ဂူဂဲလ်က အင်တာနက်ပေါ်ရှိ လူရှာဖွေရေး (People Finder) များနဲ့ လုပ်ဆောင်ကူညီခဲ့ဖူးတယ်လို့ ဆိုပါတယ်။ သဘာဝဘေးအန္တရာယ်  ခံစားရပြီး အသက်ရှင်ကျန်ရစ်တဲ့သူတွေက ဆွေမျိုး မိသားစုတွေကို သူတို့ခိုလှုံနေတဲ့ နေရာမှာ သူတို့နဲ့ အတူ အသက်ရှင်ကျန်ရစ်နေတဲ့သူတွေအကြောင်း ဖုန်းနဲ့ သတင်းပေးပြီး ဖုန်းလက်ခံရရှိသူက အင်တာနက်ပေါ်ရှိ လူရှာဖွေရေး (People Finder) များတွင် ထည့်သွင်းပေးခြင်းအားဖြင့် ကမ္ဘာတ၀န်းရှိ ဆွေမျိုးသားချင်းများနဲ့ သိရှိ အဆက်အသွယ်ရအောင် လုပ်ဆောင်ပေးတာ ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024