Live
Home
မြန်မာသတင်း
ငွေချေးသက်သေခံလက်မှတ် ရောင်းဝယ်ရေးဥပဒေ ထွက်တော့မည်
DVB
·
May 15, 2013
မြန်မာနိုင်ငံမှာ စတော့ရှယ်ယာရောင်းဝယ်ရေးဈေးကွက် ဖွံ့ဖြိုးလာဖို့ ငွေချေးသက်သေခံလက်မှတ် ရောင်းဝယ်ရေးဥပဒေကို ရေးဆွဲထားပြီးဖြစ်ကာ မကြာခင် ဥပဒေပေါ်ထွက်လာတော့မယ်လို့ မြန်မာငွေချေးသက်သေခံလက်မှတ် ရောင်းဝယ်ရေးစင်တာမှ အကြီးတန်းမန်နေဂျာ ဦးသက်ထွန်းဦးက ဒီဗွီဘီကို ပြောပါတယ်။ အဆိုပါဥပဒေပေါ်ထွက်လာမှသာ ဥပဒေရေးရာကော်မတီတွေကို ဖွဲ့စည်းနိုင်မှာဖြစ်ပြီး သူတို့အနေနဲ့ စတော့ရှယ်ယာရောင်းဝယ်ရေးဈေးကွက် ပေါ်ပေါက်လာဖို့အတွက် လုပ်ဆောင်နိုင်မယ်လို့လည်း ဆိုပါတယ်။ “ငွေချေးသက်သေခံလက်မှတ်ရောင်းဝယ်ရေးဥပဒေကို ပြီးခဲ့တဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွေမှာ တင်ပြခဲ့ရာ ခွင့်ပြုချက်ရရှိခဲ့ပြီး သမ္မတလက်မှတ်ထိုးဖို့အတွက် သမ္မတရုံးဆီ ဆက်လက် တင်ထားခဲ့ပါတယ်။ အဲ့ဒီမှာ ပြင်ဆင်ချက် အချက်၂၀ လောက် ရှိတယ်ဆိုပြီး ကျနော်တို့ဆီ ပြန်ချပေးတယ်။ ဒါကြောင့် အဲ့ဒီအချက်တွေကို ပြန်လည်ပြင်ဆင်ထားပြီးဖြစ်လို့ လာမယ့်ဇွန်လမှာ ကျင်းပမယ့် လွှတ်တော်မှာ ဒါကိုပြန်တင်သွားမှာဖြစ်ပါတယ်။ အဲ့ဒီအခါ ခွင့်ပြုသွားမှာဖြစ်လို့ ငွေချေးသက်သေခံလက်မှတ် ရောင်းဝယ်ရေး ဥပဒေက မကြာခင်ပေါ်ထွက်လာမှာဖြစ်ပါတယ်” လို့ ဦးသက်ထွန်းဦးက ဆိုပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံတကာအဆင့်မီ စတော့ရောင်းဝယ်ရေးဈေးကွက်ကြီး ပေါ်ပေါက်လာဖို့ဟာ အဲဒီဥပဒေထွက်ပေါ်လာပြီး နောက်ပိုင်းမှာလည်း ဆက်လက်လုပ်ဆောင်ရမှာတွေ အများကြီးရှိနေသေးတယ်လို့လည်း ဆိုပါတယ်။ “ဘာလို့လဲဆိုတော့ စတော့ရှယ်ယာရောင်းဝယ်ရေးဈေးကွက် ပေါ်ပေါက်လာဖို့အတွက် ၀ိုင်းဝန်းပံ့ပိုးပေးရမယ့် missionတွေ ရှိပါတယ်။ ပြီးတော့ အများနဲ့သက်ဆိုင်တဲ့ ကော်ပိုရေးရှင်းတွေကို စတော့အိတ်ချိန်းမှာ listed ကုမ္ပဏီစာရင်းဝင်အနေနဲ့ ပါဝင်လာအောင် လုပ်ပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် အတောင်အလက် ပြည့်စုံတဲ့ ဒီအဆောက်အအုံကြီး ပေါ်ပေါက်လာဖို့အတွက် လုပ်ရမှာတွေက အများကြီးရှိနေပါတယ်။ ဒါတွေကိုလည်း လာမယ့် ၂ နှစ်အတွင်းမှာ အပြီးအစီး လုပ်ဆောင်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။” အာဆီယံဒေသတွင်းနိုင်ငံများနှင့် အပြန်အလှန်သဘောတူညီမှုအရ မြန်မာနိုင်ငံအနေနဲ့ လာမယ့်၂၀၁၅ ခုနှစ်မှာ စတော့ရောင်းဝယ်ရေးဈေးကွက်ကြီး ပေါ်ထွန်းလာဖို့အတွက် ကတိက၀တ်ပြုထားတာဖြစ်ပါတယ်။ ဒါကြောင့်  ကြိုတင်ပြင်ဆင်ချိန်ကာလ ဒီ ၂ နှစ်အတွင်းမှာ အားလုံးပြီးပြည့်စုံတဲ့ စတော့အိတ်ချိန်းကြီး ပေါ်ပေါက်လာဖို့အတွက် အရေးကြီးဆုံးက ဥပဒေရှိဖို့လိုပါတယ်။ ဒီဥပဒေအရ ကော်မတီတွေ ဖွဲ့စည်းပိုင်ခွင့်ရှိပြီး အဲဒီ ကော်မတီတွေကတဆင့် လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေကို လုပ်ရမှာဖြစ်ပါတယ်။ ဒီ့အတွက် ပထမဆုံးလုပ်ရမယ့်အပိုင်းက စတော့အိတ်ချိန်း ထူထောင်ဖို့နဲ့ ငွေချေးသက်သေခံလက်မှတ် ရောင်းဝယ်ရေးကော်မတီတွေ ပေါ်ပေါက်လာဖို့ လုပ်ပေးရပါမယ်။ ဒီအဆင့်တွေပေါ်လာပြီးတဲ့နောက် စာရင်းရှင်းလင်းရေးစနစ်တွေ၊ အပ်နှံရေးစနစ်တွေ၊ အများနဲ့သက်ဆိုင်တဲ့ကော်ပိုရေးရှင်းတွေကို စတော့ရှယ်ယာဈေးကွက်မှာ listed စာရင်းဝင်တဲ့ကုမ္ပဏီတွေအနေနဲ့ ပါဝင်လာဖို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်လို့ ဦးသက်ထွန်းဦးက ပြောပါတယ်။ မြန်မာ့စီးပွားရေးဘဏ်နဲ့ ဂျပန်နိုင်ငံ ဒိုင်ဝါငွေချေးသက်သေခံလက်မှတ်ရောင်းဝယ်ရေး စင်တာတို့က မြန်မာနိုင်ငံမှာ နိုင်ငံတကာအဆင့်မီ စတော့ရောင်းဝယ်ရေးဈေးကွက် ဖြစ်ပေါ်လာဖို့အတွက် ယာယီ ပြင်ဆင်တဲ့ အနေနဲ့ အသေးစားအဆင့် စတော့ရှယ်ယာရောင်းဝယ်နိုင်တဲ့ open the counter ကို ဖွင့်လှစ်ထားပြီး မြန်မာနိုင်ငံသားများဘဏ်နဲ့ သစ်တောဖက်စပ်ကော်ပိုရေးရှင်းတို့ရဲ့ အစုရှယ်ယာတွေရဲ့ အရောင်းအ၀ယ်ကို ၀န်ဆောင်မှုပေးနေပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024