နမ့်ခမ်းမြို့တွင်း ပစ်ခတ်မှုကြောင့် ၂ ဦး သေဆုံး
DVB
·
May 14, 2013
ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ထဲမှာ မေ ၁၃ ရက်နေ့ ည ၉ နာရီခွဲလောက်က အမည်မသိ သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် လူ ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ကျားဖြူပါတီ ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာ စိုင်းကျော်အုန်းက ဒီဗွီဘီကို ပြောပါတယ်။
“မနေ့ညပစ်တာက ပစ်တာ ၁၅-၂၀ မိနစ်လောက်။ အောင်မေတ္တာရပ်ကွက် ဆင်ခြေဖုံး မြို့အထွက်နား၊ ရဲ ၂ ယောက် ဒဏ်ရာရတယ်။ နမ့်မတူဘက်က ကားသမား ၂ ယောက်ဆုံးသွားတယ်။ ဆေးရုံမှာ ၄ ယောက်တက်တယ်။ ဘယ်သူတွေလဲဆိုတာ မသိရဘူး၊ မှောင်နေလို့ မမြင်ရဘူးပြောတယ်။”
ဒီကိစ္စနဲ့ ပတ်သက်ပြီး နမ့်ခမ်းမြို့နယ် ရဲစခန်းက ကင်းလှည့်နေတဲ့ တပ်ကြပ်ကြီး တယောက်နဲ့ ရဲဘော်တယောက် ဒဏ်ရရာသွားတယ်လို့ ပြောပါတယ်။
“ခန့်မှန်းခြေ ၉ နာရီလောက်ကဖြစ်တယ်။ တယောက်က ခြေထောက်၊ ပေါင်နား အရိုးထိသွားပြီး နောက်တယောက်က ဗိုက်ရှပ်ထိသွားပြီး တယောက်က နမ့်ခမ်းဆေးရုံမှာ၊ တယောက်က မူဆယ်ဆေးရုံမှာပါ။ လူကြီးတွေက အပေါ်တော့တင်ထားတယ်၊ ဘယ်သူတွေမှန်းမသိပါဘူး။ လိုက်စုံစမ်းနေဆဲပါ။”