အိန္ဒိယပြန် တပ်မတော်အရာရှိ ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါ ထပ်မံတွေ့ရှိ
DVB
·
June 9, 2020
အိန္ဒိယနိုင်ငံမှာ သင်တန်းတက်ရောက်ပြီး မြန်မာနိုင်ငံကို ပြန်ရောက်လာတဲ့ တပ်မတော်သားတွေကို တတိယအကြိမ် ကိုဗစ်-၁၉ စစ်ဆေးရာမှာ အရာရှိ ၁ ယောက်မှာ ပိုးတွေ့ရတယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Qurantine ထားတဲ့ တပ်မတော်သားတွေကို ဇွန် ၈ ရက်က မင်္ဂလာဒုံ တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)မှာ PCR(Polymerase Chain Reaction) နည်းနဲ့ တတိယအကြိမ် စစ်ဆေးရာမှာ တွေ့ခဲ့တာလို့ ဆိုပါတယ်။
အဲဒီအရာရှိကို တပ်မတော်က ကိုဗစ်-၁၉ ရောဂါ အထူးကုသဖို့ ကြိုတင်စီစဉ်ထားတဲ့ တပ်မတော်အသည်းရောဂါအထူးကု ဆေးရုံကြီး (မင်္ဂလာဒုံ)ကို ပို့ဆောင်ပြီး ကုသပေးနေပြီး သူ့ရဲ့ ကျန်းမာရေးက တည်ငြိမ်ကောင်းမွန်နေတယ်လို့ ဆိုပါတယ်။
သူနဲ့ ဆက်စပ်ထိတွေ့ခဲ့သူတွေကိုလည်း လိုအပ်တဲ့ရောဂါရှာဖွေ ဖော်ထုတ်တာ၊ အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုတာတွေ ဆက်လုပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
မေ ၂၄ ရက်မှာ အိန္ဒိယနိုင်ငံကနေ သင်တန်းတက်ပြီး ပြန်လာသူ တပ်မတော်သားတွေကို စစ်ဆေးရာမှာ ၄ ယောက်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ ဇွန် ၁ ရက်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့ပါတယ်။