Home
မြန်မာသတင်း
မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း ကုန်သွယ်မှုပမာဏ ၁၆ ဆကျော် ကျဆင်း
DVB
·
June 6, 2020
ကိုဗစ်-၁၉ ရောဂါကြောင့် ရခိုင်ပြည်နယ်-မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းကနေ တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကုန်သွယ်မှုပမာဏ ၁၆ ဆကျော် ကျဆင်းခဲ့တယ်လို့ မောင်တောနယ်စပ်ကုန်သည်ကြီးများအသင်းက ပြောပါတယ်။ ပြီးခဲ့တဲ့မတ်လနဲ့ နှိုင်းယှဉ်ပါက ဧပြီနဲ့ မေလမှာ ကုန်သွယ်မှုပမာဏ ၁၆ ဆကျော် ကျဆင်းခဲ့တာလို့ ဆိုပါတယ်။ အခုလို ကျဆင်းရတာဟာ တဖက်ဘဂ်လားဒေ့ရှ်နိုင်ငံကို ကုန်တင်ပို့ပြီး ပြန်လာတဲ့ မော်တော်ဘုတ်သမားတွေဟာ Facility Quarantine နေထိုင်ရမှာ‌ စိုးရိမ်တဲ့အတွက် သွားရောက်မယ့်သူ မရှိတာကြောင့် ဧပြီလ ၁၁ ရက်နေ့ကစပြီး ကုန်သွယ်မှု ယာယီရပ်တန့်ထားခဲ့ရတာကြောင့် ဖြစ်တယ်လို့ မောင်တောနယ်စပ်ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက DVB ကို ပြောပါတယ်။ မေလ ၃၀ ရက်နေ့ တရက်တည်းသာ ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့တာကြောင့် ကိန်းဂဏန်းအရ ကုန်သွယ်မှုပမာဏ ၁၆ ဆ ကျော် ကျဆင်းခဲ့ရတာလို့ ဆိုပါတယ်။ အခုအခါ တဖက်ဘဂ်လားဒေ့ရှ်နိုင်ငံကို ကုန်တင်ပို့ပြီးပြန်လာတဲ့ မော်တော်ဘုတ်သမားတွေကို ဆိပ်ကမ်းအနီး အဆောင်တခုဆောက်ပြီး ပြင်ပလူတွေနဲ့ ထိတွေ့မှုမရှိအောင် Quarantine အဖြစ် ထားရှိဆောင်ရွက်ထားသလို ကျန်းမာရေဌာန စစ်ဆေးမှုတွေ ပြုလုပ်ပြီး ကုန်သွယ်မှုကို စတင်ပြုလုပ်နေတယ်လို့ မောင်တောနယ်စပ်ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက ရှင်းပြပါတယ်။ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းကနေ တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဧပြီ ၁၁ ရက်နေ့ကစပြီး ကုန်သွယ်မှုယာယီရပ်တန်ထားခဲ့ရကာ မေလ ၃၀ ရက်နေ့မှာ စတင်ပြီးကုန်တွေ တင်ပို့နေတာပါ။ တလကျော် ကုန်တင်ပို့မှု ရပ်နားထားရတာကြောင့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှာ ကုန်တင်ကုန်ချအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ အလုပ်သမားတွေ စားဝတ်နေရေ အခက်အခဲကြုံတွေ့ခဲ့ရတယ်လို့ ကုန်တင်ကုန်ချအလုပ်သမားတဦးက ပြောပါတယ်။ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းက ၂၀၂၀ ပြည့်နှစ် မတ်လတွင်း တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အမေရိကန်ဒေါ်လာ  ၁.၈၉၅ သန်းဖိုး၊ ဧပြီလမှာ ဒေါ်လာ ၁၂၂၅၃၉ ဖိုး ကုန်သွယ်မှုပြုနိုင်ခဲ့ပြီး မေလမှာတော့ အမေရိကန်ဒေါ်လာ ၁၂၆၂၉၉ ဖိုးမျှသာ ကုန်တင်ပို့နိုင်ခဲ့တယ်လို့ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း ကိန်းဂဏန်းတွေအရ သိရပါတယ်။ လင်းလက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024