သရုပ်ဆောင်မိုးအောင်ရင်၏ အမှုပြင်ဆင်ချက်လျှောက်ထားမှု မေ ၂၉ ရက် အမိန့်ချမည်
သူသူအောင်
·
May 25, 2020
ကာမလိမ်လည်မှုနဲ့တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မိုးအောင်ရင်ရဲ့ အမှု ပြင်ဆင်ပေးရန် လျှောက်ထားမှုနဲ့ပတ်သက်ပြီး လာမယ့် မေလ ၂၉ ရက်နေ့ တရားရုံးက အမိန့်ချမှတ်ဖို့ ရှိနေပါတယ်။
သရုပ်ဆောင်မိုးအောင်ရင်ကို သူ့ရဲ့ရည်းစားဟောင်းဖြစ်သူက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၂ ရက်က ရန်ကင်းမြို့နယ်တရားရုံးမှာ ကာမလိမ်လည်မှုနဲ့ ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့တာပါ။ အဲဒီနောက် မိုးအောင်ရင်ကို ဒီဇင်ဘာ ၁၃ ရက်မှာ တရားရုံးက ကျပ်သိန်း ၁၀၀ နဲ့ အာမခံပေးခဲ့ပါတယ်။
ရန်ကင်းမြို့နယ်တရားရုံးက မိုးအောင်ရင်အပေါ် ပုဒ်မ ၄၁၇ နဲ့ စွဲချက်တင် အမိန့်ချမှတ်တဲ့အပေါ် သရုပ်ဆောင် မိုးအောင်ရင်ဘက်က ကျေနပ်မှုမရှိတဲ့အတွက် စွဲချက်အမိန့်ကို ဧပြီ ၂၁ ရက်က ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးထံ ပြင်ဆင်ချက် လျှောက်ခဲ့ပါတယ်။
ဒီအမှုနဲ့ပတ်သက်လို့ ပြင်ဆင်ပေးရန်လျှောက်ထားမှုကို လာမယ့် မေလ ၂၉ ရက်နေ့ ခရိုင်တရားရုံးက အမိန့်ချမယ်လို့ ရန်ကင်းမြို့နယ်တရားသူကြီး သတင်းနှင့်ပြန်ကြားရေးအရာရှိ ဦးထွန်းနိုင်ဝင်းက ပြောပါတယ်။
ဒီကနေ့ မေလ ၂၅ ရက် ၁၃ ကြိမ်မြောက်ရုံးချိန်းမှာတော့ သရုပ်ဆောင်မိုးအောင်ရင်က ကျန်းမာရေးအရ ခွင့်တင်ခဲ့ပြီး ရုံးချိန်းပျက်ကွက်ခဲ့လို့ လာမယ့် ဇွန် ၉ ရက်ကို ရုံးချိန်း ပြန်လည်ချိန်းဆိုခဲ့ပါတယ်။
ဒီအမှုကို ရန်ကင်းမြို့နယ် တရားရုံးက နိုင်ငံတဝန်း မှုခင်းစီမံခန့်ခွဲမှုအရ ရက်ပေါင်း ၁၈၀ အတွင်း အပြီးသတ် စစ်ဆေးရမှာ ဖြစ်ပါတယ်။
သရုပ်ဆောင်မိုးအောင်ရင်ကို စွဲဆိုထားတဲ့ ပုဒ်မ ၄၁၇ အမှုဟာ ဘယ်သူမဆို ကာမလိမ်လည်မှုကို ကျူးလွန်ပါက ထောင်ဒဏ် ၃ နှစ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်ပါတယ်။