COVID-19 ရောဂါပျောက်ကင်းသူ လူနာအမှတ် ၁၁၁ ကင်ဆာရောဂါဖြင့် ကွယ်လွန်
DVB
·
May 23, 2020
COVID-19 ရောဂါ ပျောက်ကင်းသွားတဲ့ လှိုင်သာယာမြို့နယ်က လူနာ အမှတ် ၁၁၁ အမျိုးသမီးဟာ ကင်ဆာရောဂါနဲ့ ဒီနေ့မနက် ကွယ်လွန်သွားတယ်လို့ လှိုင်သာယာမြို့နယ်တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က ဒီဗွီဘီကို ပြောပါတယ်။
အသက် ၅၄ နှစ်အရွယ် အဲဒီအမျိုးသမီးဟာ COVID-19 ရောဂါ Negative သုံးကြိမ်ပြပြီးနောက် မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံကနေ မေလ ၁၁ ရက်နေ့ကတည်းက ဆင်းခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်မှာ မေ ၁၈ ရက်နေ့ကစပြီး ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတာ ဖြစ်ပြီး ဒီနေ့မနက်က ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
လူနာအမှတ် ၁၁၁ ကို ဧပြီ ၁၉ ရက်က အတည်ပြုတွေ့ခဲ့တာ ဖြစ်ပြီး COVID-19 အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့တာ မရှိသလို ပြည်ပခရီးသွားတာ မရှိခဲ့ပေမယ့် ရန်ကုန်ဆေးရုံကြီးမှာ စောင့်ကြည့်လူနာအဖြစ် စစ်ဆေးခဲ့ရာကနေ ရောဂါကူးစက်ခံထားရတာကို တွေ့ခဲ့ရတာပါ။
သူနဲ့အတူ တရက်တည်း အတည်ပြုတွေ့ခဲ့ရတဲ့ သင်္ဃန်းကျွန်းက လူနာအမှတ် ၁၀၉ အသက် ၃၇ နှစ်အရွယ် အမျိုးသားလူနာဟာလည်း COVID-19 အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့တာ မရှိသလို ပြည်ပခရီးသွားတာ မရှိခဲ့ပေမယ့် ရန်ကုန်အနောက်ပိုင်းဆေးရုံမှ, စောင့်ကြည့်လူနာအဖြစ် စစ်ဆေးခဲ့ရာကနေ ရောဂါကူးစက်ခံထားရတာကို တွေ့ခဲ့ရတာပါ။