ဒေါ်နယ်ထရမ့်၏အငယ်ဆုံးသမီး ဥပဒေပညာအထူးပြုဖြင့် ဘွဲ့ရ

ဓာတ်ပုံ-ရိုက်တာ
အမေရိကန်သမ္မ ဒေါ်နယ်ထရမ့်ရဲ့ အငယ်ဆုံးသမီးတယောက်ဖြစ်တဲ့ တစ်ဖနီထရမ့် ဟာ ဂျော့ချ်တောင်း ဥပဒေကျောင်းကနေ ဘွဲ့ရရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ထရမ့်က “မိသားစုထဲမှာ ဥပဒေ ပညာရှင်တယောက် လိုအပ်နေခဲ့တာ၊ သမီးအတွက် ဂုဏ်ယူတယ် တစ်ဖ်”လို့ တွစ်တာလူမှုကွန်ရက်ပေါ်မှာ ဝမ်းသာကြောင်း ချီးကျူးစကား ဆိုပါတယ်။ အသက် ၂၆ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ တစ်ဖနီဟာ ထရမ့်ရဲ့ ဒုတိယမြောက် ဇနီး ဟောင်းတယောက်ဖြစ်တဲ့ သရုပ်ဆောင်မင်းသမီး မာလာမေပယ်လ်စ်နဲ့ ရရှိခဲ့တဲ့ ရင်သွေး ဖြစ်ပါတယ်။ လတ်တလောကာလဟာ COVID-19 ကပ်ကာလ ဖြစ်နေတာမို့ ကျောင်းတွေကို ပိတ်ထားခဲ့ရပြီး စာသင်ကြားမှုတွေကိုလည်း အွန်လိုင်းစနစ်ကို ပြောင်းရွှေ့ထားခဲ့ရချိန် လည်း ဖြစ်နေတာမို့ တစ်ဖနီအနေနဲ့ ရိုးရာမပျက် ဂုဏ်ပြုပွဲမလုပ်နိုင်ခဲ့ပဲ အခုနှစ်မှာ ပြီးဆုံးခဲ့တဲ့ ဂျော့ချ်တောင်းတက္ကသိုလ်ဆင်း ဘွဲ့ရမောင်မယ်တွေကို အွန်လိုင်းမှသာ ဂုဏ် ပြုချီးမြှင့်ခံခဲ့ရတာပါ။ လက်ရှိမှာတော့ တစ်ဖနီဟာ ထရမ့်ရဲ့ သားသမီး ၅ ယောက်ထဲက ပထမဆုံးသော ဥပဒေ ဘွဲ့ရရှိသူတယောက် ဖြစ်လာခဲ့တာပါ။ သူ့ရဲ့ အစ်ကိုအစ်မတွေထဲက ဒေါ်နယ်ဂျူနီယာနဲ့ အိုင်ဗန်န်ကာတို့ကတော့ ဖခင် ဖြစ်သူနဲ့ ပဲန်ဆဲလ်ဗေးနီးယားတက္ကသိုလ်၊ ဝှာတန်စီးပွားရေးကျောင်းထွက်တွေဖြစ်ကြပြီး အဲရစ်ကတော့ ဂျော့ချ်တောင်းတက္ကသိုလ်ဆင်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဖခင်ဖြစ်တဲ့ ထရမ့်က နိုင်ငံသမ္မတဖြစ်လာခဲ့ချိန်မှာ ဒေါ်နယ်ဂျူနီယာနဲ့ အဲရစ်တို့က မိသားစုစီးပွားရေးလုပ်ငန်းတွေထဲ ဆက်လက်လုပ်ကိုင်နေကြပြီး အိုင်ဗန်န်ကာကတော့ အိမ်ဖြူတော်အကြံပေးတဦးအနေနဲ့ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ လက်ရှိသမ္မတကတော် မယ်လ်နီယာထရမ့်နဲ့ ရရှိခဲ့တဲ့ ထရမ့်ရဲ့ ၅ ယောက်မြောက် သားဖြစ်တဲ့ ဘဲရွန်ထရမ့်ကတော့ အသက် ၁၄ နှစ်အရွယ်ရှိနေပြီဖြစ်ကာ လက်ရှိမှာတော့ မေရီလဲန်းပြည်နယ် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းတခုမှာ တက်ရောက်သင်ကြားနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up