Home
မြန်မာသတင်း
မြန်မာ-ယန်စီကြေးနီစီမံကိန်းတွင် လုပ်သား ၁ ဦး လဲကျသေဆုံး 
Aung Ko Latt
·
May 21, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ မြန်မာ-ယန်စီကုမ္ပဏီက လုပ်ကိုင်နေတဲ့ စံပယ်တောင်၊ ကြေးစင်တောင် ကြေးနီစီမံကိန်းအတွင်းမှာ မေလ ၂၁ ရက် မနက်အစောပိုင်းက  လုပ်သားတစ်ဦး အဆောင်မှာ ရုတ်တရက် လဲကျသေဆုံးခဲ့ပါတယ်။  သေဆုံးသူက အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦး ဖြစ်ပြီး စစ်ဆေးချက်တွေအရ ဦးခေါင်းနောက်စေ့ သွေးထွက်ဒဏ်ရာနဲ့ ပုဆိုးအတွင်း မစင်တွေထွက်ကျ သေဆုံးတာကို တွေ့ရှိရတဲ့အတွက် ရဲဆေးစာနဲ့ ၁၆ ကုတင်ဆံ့ တိုက်နယ်ဆေးရုံကို ပို့ဆောင်ထားပါတယ်။ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က "ထမင်းချက်နေရင်း ဆုံးသွားတာ မနက် ၄ ခွဲလောက်ကပေါ့။ ဦးနှောက်သွေးကြောပြတ်တဲ့ပုံစံပေါ့။ လူကြီးတွေလေဖြတ်တဲ့ပုံစံမျိုးဖြစ်မှာပေါ့။ နောက်ကို ပက်လက်လန်လဲသွားပြီးတော့ နောက်စေ့နဲ့ သမံတလင်းနဲ့ရိုက်မိဟန်တူပါတယ်။ သူက ထမင်းဟင်း အစောကြီးထချက်တဲ့ အလေ့အကျင့်ရှိတော့ ထချက်ရင်း အဲလိုဖြစ်သွားတာ။"လို့ ပြောပါတယ်။ ဒီဖြစ်စဉ်အပေါ်မှာတော့ အလုပ်သမားတွေက Camp သွင်းထားတာဖြစ်တဲ့အတွက် စိုးရိမ်မှုတွေလည်း ရှိနေကြသလို တာဝန်ရှိသူတွေအနေနဲ့ သတင်းမှန်တွေ ထုတ်ပြန်ပေးဖို့ လူမှုကွန်ရက်စာမျက်နှာမှာရေးသားတာတွေလည်း ရှိနေပါတယ်။ ဒီလိုဖြစ်စဉ်ဖြစ်သွားတဲ့အပေါ်မှာ ကုမ္ပဏီက ကျန်းမာရေးစောင့်ရှောက်မှု ပုံမှန်မရှိတာကို ပေါ်လွင်နေတယ်လို့လည်း ဒေသခံတချို့က ပြောပါတယ်။  ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်ကတော့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သေသေချာချာ စစ်ဆေးပြီး ထုတ်ပြန်ပေးသွားမယ်လို့လည်း ပြောပါတယ်။   “အဓိကကတော့ အလောင်းကို ကိုဗစ်ကာလဆိုတော့ swab တွေယူတာပေါ့။ ယူပြီးတော့ ဓာတ်ခွဲခန်းပို့သွားမှာပါ။ ဆေးရုံက သုံးသပ်ချက်ရယ်၊ ရဲရဲ့သုံးသပ်ချက်ရယ်၊ မှုခင်းသုံးသပ်ချက်အရတော့ အဲလိုမဟုတ်ပါဘူး။ မဟုတ်ပေမယ့် ပတ်ဝန်းကျင်လည်း ရှိနေတာရယ် ကိုဗစ်ကာလ ဖြစ်နေတာရယ်ဆိုတော့ တာဝန်အရ စစ်ဆေးဖို့ လုပ်ထားတာပေါ့။ ကြေညာလို့လည်း ရအောင်ပေါ့။ အများပြည်သူ သံသယကင်းအောင်ပေါ့။ ပြီးတော့ အဲဒီနေရာကလည်း အလုပ်သမားတွေဘာတွေနဲ့ဆိုတော့ သာမန်အချိန်မှာတောင် ကောလာဟလတွေက လွှင့်တတ်တဲ့နေရာဖြစ်နေတော့ ကျနော်တို့ဘက်က လုပ်စရာမကျန်အောင် လုပ်တဲ့ သဘောပါပဲ။ တစ်ရက်နှစ်ရက်အတွင်း အဖြေလည်း ထုတ်ပြန်ပေးသွားမှာပါ” သေဆုံးသူက ရန်ကုန်ကနေ လာရောက်ပြီး အလုပ်လုပ်ကိုင်နေတဲ့ ဝန်ထမ်းဖြစ်ပြီး သူ့ရဲ့ အလောင်းကိုတော့ သေဆုံးသူရဲ့ မိသားစုဝင်တွေရဲ့ သဘောထားရယူကာ လိုအပ်သလို ဆက်လက် လုပ်ဆောင်မယ်လို့ ခရိုင်တာဝန်ရှိသူက ပြောပါတယ်။   
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024